Monday, October 17, 2016

ရထား (ကဗျာရှည်)



ရထား
====
အမြဲတမ်း နောက်ကျသူ နာရီအိုကြီးလို
အမြဲတမ်း နောက်ကျနေသူ နာရီအိုကြီးကို
တင်ဆောင်ကာ
ရထားထွက်ခဲ့ပြီ။
ကုန်းဘောင်ခေတ် ဘူတာကို
ထားခဲ့၊
အထီးကျန်ရဲတိုက်ကို
ထားခဲ့၊
ချည်မျှင်နဲ့ ရက်ထားတဲ့ အမရပူရမြို့ကို
ထားခဲ့၊
လေတွေနဲ့အိမ်ထောင်ရက်သားကျသူ
တောင်သမန်အင်းကို
ထားခဲ့၊
သားပျက်ကျသူ သပြေတန်းကို
ထားခဲ့၊
စစ်ပင်ကြီးကိုင်းပြီး တံတားဖြစ်နေတာကို
ထားခဲ့၊
ရထားလာခဲ့ပြီ။
လောကီကြောင်းသမားလေး ရထားလေ
ရထားသွားမှာက
မြစ်မောင်နှံ သစ္စာထားတဲ့အရပ်၊
အဲသည်မှာက
နေဟာလည်း မျက်ဖြူလန်လို့၊
အဲသည်မှာက
တချို့မြစ်တွေဟာလည်း
အနားယူလို့ပေါ့။
အဲသည်မှာက
တောင်ခိုးနဲ့တိမ်တွေ
လင်ခန်းမယားခန်း အနေအထိုင်တွေကလည်းရှိ၊
အဲသည်မှာက
လဟာပြင်
တောင်တန်းနဲ့မြူတွေ
လူလိုသူလို အနေအထိုင်တွေကလည်းရှိ၊
အဲသည်မှာက
အောင်မြင်စွာ ဆုတ်ခွာခြင်းနဲ့ ကမ္ဘာကျော်ခဲ့
ခုတော့ မုဆိုးမလေးဘ၀ရောက်ရသူ
ကမ္ဘာကျော် လီဒိုလမ်းမလည်းရှိ၊
အဲသည်မှာက
ကမ္ဘာမြေ ရင်ဘတ်ထဲက အသည်းနှလုံးဟာ
အစိမ်းရောင် အသွေးအသားရှိ
သခင်ရှာ သခင်ရှားတဲ့ ရတနာတွေ ဘာတွေဖြစ်
အဲသည် ရတနာတွေက
အပျိုဖော်ဝင်ကြ
အပျိုသွေးကြွကြ
ရည်းစားသနာထားကြ
(ကမ္ဘာနဲ့ လူသားနဲ့ပေါ့)
ပြီး -
လင်ယူကြ သားမွေးကြ
မြွေတွေ တွင်းဝင်ဖြောင့်သလို
လျောခနဲ၊
ကြောင်တွေ ပေါ့ပါးသလို ပေါ့ပါးကြ၊
ဆင်တွေလို ခွန်အားဗလ ပြည့်ဝကြတာလည်း
ရှိသပေါ့၊
အဲသည်မှာ
လောကဓံတရားကလည်း ဂျပ်ခုတ်ပုဆိုးယက်နေသမို့
ရထားဟာ
အဲသည်ကို ချစ်တယ်ပေါ့၊
ရထားက
အဲသည်ကို စွဲလမ်းတယ်ပေါ့ ၊
ရထားက
အဲသည်မှာ ပျော်တယ်ပေါ့ ၊
ရထားရင်ခေါင်းထဲ
ဘယ်လိုရာသီဥတု ရောက်နေသလဲ
လူတွေ လူတွေ
မသိကြချေဘူး၊
ရထားအပေါ် ဗိုလ်ကျစိုးမိုးပြီး
ကိုယ်လိုရာခရီး ရောက်ဖို့ပဲ
စိတ်တွေ
စောနေကြ
ရထားလာခဲ့ပြီလေ။
ရထားပေါ်မှာ
ဗုံသံတွေထဲ
ကျွံကျခဲ့သူ လူငယ်တစ်ယောက်လည်းပါရှိ၊
အဲသည်လူငယ်က ဖြားယောင်းခဲ့လို့မို့
ဆရာဝန်ဘ၀ မေ့ခဲ့ရသူ
ကောင်မလေးတစ်ယောက်လည်းပါရှိ
ရထားတွဲတစ်တွဲလုံး
ငေါက်ငမ်းသူလည်းပါရှိ၊
နွားပွဲပြန် အရက်မူးတောသား
စကားတဖောင်ဖောင်လည်းပါရှိ၊
မြို့တစ်မြို့လုံး
ဝယ်ချမ်း စားသောက်ခဲ့သူလည်းပါရှိ
ဆယ်ဘ၀ပြောင်လည်း
သစ္စာမရနိုင်သူလည်းပါရှိ
အရက်မသောက်လိုက်ရတဲ့
မြို့တစ်မြို့လည်းပါရှိ၊
“ငွေကို ရေချိုးချမှ ရောဂါပျောက်တယ်ဗျ” လို့ပြော
ပြီး
အမှန်တကယ်
နလန်ထလာသူလည်း ပါရှိ၊
ကားလည်းမရှိ အိမ်လည်းမရှိ
အင်္ကျီလည်းမရှိ
မရှိသူလည်းပါရှိ
မကောင်းမပြောချင်ပေမယ့်
ပြောလိုက်မိပါရဲ့
သုံးလင်ပြောင်းလိုက်တဲ့ မိန်းမလည်းပါရှိ၊
သုံးကျောင်းပြောင်းတဲ့ ရဟန်းလည်းပါရှိသပေါ့၊
ဘယ်တောဝင်ဝင်
ဘယ်တောင်တက်တက်
အရောင်မပြောင်းဘူးဆိုတဲ့
ကင်းလိပ်ချောလည်းပါရျှိ
ကိုယ်ကျိုးစွန့်သူ
သူဆင်းရဲသားလေးလည်းပါရှိ
ဒေသထွက် ရာသီစာလေးတွေလည်းပါရှိ
ကမ္ဘာသုံး ဘာသာစကားပြောတတ်ရုံနဲ့
အနုပညာရပြီလို့
ဘ၀င်မြောက်နေတဲ့သူလည်းပါရှိ
ကြေးစားဘ၀မှာ နူဝဲသူနဲ့
သူ့ရဲ့ကိုယ်နံ့လည်းပါရှိ
မုဆိုးခြုံက မယားနဲ့ကွဲနေသူလည်းပါရှိ
နွားခိုးဘိန်းစားနဲ့ ဘုရားတကာလည်း
ပါရှိခဲ့တယ်ပေါ့
ရထားလာခဲ့ပြီ။
ရေနစ်နေတဲ့ ကျောက်ခဲရဲ့
တသွင်သွင် မျက်ရည်လည်းပါရှိ
ခါးတောင်းကျိုက်ပြုတ်ကျတဲ့
ချောတိုင်တက်သမားလည်းပါရှိ
ရထားဟာ
ကုန်သည်လေမှန်တွေကိုလည်း
သယ်ဆောင်လာခဲ့ရ
ရထားဟာ
ရွှေဘိုမြင်းပေါက်စတွေကိုလည်း
သယ်ဆောင်လာခဲ့ရ
ရထားဟာ
ကြက်ခြင်းနဲ့ကြက်ခြင်းထဲက ကြက်တွေကိုလည်း
သယ်ဆောင်လာခဲ့ရ
ရထားဟာ
သဲကန္တာရ အသွင်ပြောင်း နေထိုင်တဲ့
ပင်လယ်ကိုလည်း
သယ်ဆောင်လာခဲ့ရ
ရထားဟာ
မြို့အရက် တောအရက်တွေကို
အားပေး သောက်သုံးခဲ့ရ
သယ်ဆောင်လာခဲ့ရ
ရထားဟာ
ညအနေအထိုင်နဲ့ နေ့တွေကို
သယ်ဆောင်လာခဲ့ရ
ရထားဟာ
သူဖြတ်ကျော် နင်းမိသမျှ
တံတားတွေကိုလည်း
သူပြန်တင်ဆောက်လာခဲ့ရ
ရထားဟာ
သူကြည့်မိသမျှ
ရှုမျှော်ခင်းတွေ
အဲသည် ရှုမျှော်ခင်းတွေကိုပါ
သူပြန်တင်ဆောင်ခဲ့ရ
ရထားဟာ
သူ့ခေါင်းပေါ်က
ကိလေသာတိမ်တိုက်တွေကိုလည်း
တင်ဆောင်လာခဲ့ရ
ရထားဟာ
သူ့အောက်က
သိမ်ငယ်စိတ်မွေးတဲ့ ချောင်းပေါက်စတွေကိုလည်း
တင်ဆောင်လာခဲ့ရ
ရထားဟာ
သူ့ဘေးဝဲယာက
လောကပါလ တောင်တန်းတွေကိုလည်း
တင်ဆောင်လာခဲ့ရ
ရထားဟာ
လောကီကြောင်းသမားဆိုတော့
မိုင်းမနင်းမိအောင်လည်း
ခမျာမှာ သတိကထားရသေးသပေါ့၊
ဒါပေမယ့်
ရထားလာခဲ့ပါတယ်။
သည်လိုနဲ့
ရထားဟာ
ရုပ်ရည် သနားကမားမြို့တွေ
ချိုင်းချွေးစော်နံတဲ့ အိုးအိမ်တိုက်တာတွေ
အသံကောင်းတဲ့ တောအုပ်တွေ
အမြဲစိမ်းတောနဲ့ ရွက်ကြွေတော
ကိုယ်လက်နှီးနှောကြ ဒေသတွေ
ဖားတို့ရဲ့ သြဂတ်စတာ လယ်ကွင်းတွေ
သစ်ခုတ်သမား လက်စွမ်းပြ
တောပြောင်ပြောင်တွေ
ပေါင်မုန့်မီးကင်ထားသလို
မြို့တွေ
မုန့်လေပွေလို ရွာတွေ
ရထားဟာ
ဘဏ်စာရေးတစ်ယောက် ငွေတွေရေတွက်သလို
တစ်မြို့ပြီး တစ်မြို့ ရေတွက်
တစ်ခုပြီးတစ်ခု ရေတွက်
တစ်တောင်ပြီးတစ်တောင်ရေတွက်
အားလုံးကို ရေတွက်
ရထားခရီးဆက်ခဲ့တယ်ပေါ့။
သည်လိုနဲ့
ရထားဟာ
နဘားဆိုတဲ့
အပ်နဖားပေါက်ကလေးတစ်ပေါက်မှာ
မျက်နှာသစ်ပြီးတဲ့နောက်
ရှေ့ခရီးဆက်မယ်လို့
ရေထိတဲ့ကြောင် အမွှေးခါသလို
သူ့ကိုယ်ကို လှုပ်ခါလိုက်ချိန်မှာ
နှစ်သုံးဆယ်လုံးလုံး ပျောက်ဆုံးနေတဲ့
မြို့တစ်မြို့
ဘီးလှိမ့်စ ရထားပေါ်
ဖျတ်ခနဲ ခုန်တက်လိုက်ပါ
ရထားပေါ် ရထားပါလာခဲ့တာကိုပဲ
ရထားပေါ် ရထားတင်ခဲ့ရတာကိုပဲ
ရထား
စိတ်ပျက်ခဲ့တယ်
ရထားလာခဲ့ပြီ။ ။

မောင်ချောနွယ်
၁၉၉၀


Sunday, October 16, 2016

တောလား (အမှာစာ + ကဗျာရှည်)

တောလား (အမှာစာ)
==============
ခင်ဗျားစိတ်ဝင်စားရဲ့လား
======================
[ အသက် ၅ဝ ပြည့်တော့ လူဟာ နည်းနည်းတုန်လှုပ်ပြီး အံ့အားတသင့် ဖြစ်မိတယ်။ အဲ့ဒါနဲ့ ကိုယ့်လမ်းကြောင်း ကိုယ်ပြန်ကြည့်ရာက ‘တောလား’ ကို ရေးခဲ့နိုင်တယ်။ ၁၉၉၈ ခုနှစ်မှာပေါ့။ တိုက်ဆိုင်မှုအနေနဲ့ ‘ဖော်ဝေးကွယ်လွန်ခြင်း နှစ် ၂ဝ ပြည့်’နှစ်လည်း ဖြစ်ပါတယ်။ ‘သေခြင်း’ နဲ့ ‘ရှင်ခြင်း’ ဟာ ယှဉ်လျက်သားပဲ။ ဒါကြောင့် ဖော်ဝေးကွယ်လွန်ခြင်းကို ထည့်ရည်ညွှန်းခဲ့တယ်။

အဲ့ဒီကနေ ၁ဝ နှစ်ကျော်ခဲ့ပါပြီ။ ပြန်ဖတ်တော့ နှစ် ၅ဝ ဆိုတာကြီးကို ကျွန်တော် အံ့အားသင့်တုန်းပဲ။ ရာစုရဲ့ ထက်ဝက် မဟုတ်လား။ အဲ့ဒါဟာ ‘တောလား’ ကို ထုတ်ဝေဖို့ ပြန်လည်နိုးကြားစေတဲ့ အဓိက အကြောင်းပါပဲ။

သမိုင်း မဟုတ်ဘူး ရာဇဝင် မဟုတ်ဘူး ဒီစာအုပ်ကို ကဗျာဖတ်သူ ဖတ်တဲ့အခါ ‘ရုပ်ရှင်ကား တစ်ကားလောက် ကြည့်ရတဲ့ သဘောပဲ’ ဟူပါက ကျွန်တော့်ဘက်ကလည်း သဘောတူလိုပါတယ်။ အနုပညာပြုလုပ်မှုမျှသာ။

အဲ့ဒါ ကျွန်တော့် နှစ်ငါးဆယ်။ အဲ့ဒါ ကျွန်တော့် တောလား။
ခင်ဗျား စိတ်ဝင်စားရဲ့လား။

လေးစားစွာဖြင့်
အောင်ချိမ့်
၂၃-၅-၂ဝဝ၉

လောကဓာတ်ကြီးတောင် ပျက်စီးကုန်ရ
မြင်မြင်သမျှ သင်္ခါရမှန်သမျှတွေ..

– ‘မဟာဂီတ ဦးပြုံးချို’ ၏ ‘ဇာတိအာဏာ’မှ ]
======================
တောလား (ကဗျာရှည်)
================
နည်းတဲ့နှစ်တွေလား
ရဟတ်ကြီး တဒီးဒီးပမာ
အကြွေစေ့ထည့်ရင် နိပါတ်တစ်ကွက်လှည့်သလို
ရထားအခေါက်ခေါက်
နွေအခေါက်ခေါက် မိုးအခေါက်ခေါက် ဆောင်းအခေါက်ခေါက်
ငါတို့ အခေါက်ခေါက်
ထို့နောက် မိုးအုံ့ပြီးနောက် နေပွင့်လာပုံ
ထို့နောက် မိုးပြန်အုံ့ကာ
‘ရှဲခနဲ’ မီးခြစ်ဆံများပမာ
ပျောက်ကွယ်သွားသူများ
နောက်ထပ်ရောက်လာသူများ
မြို့များ
မြို့သစ်များ
စကားလုံးများ
စကားလုံးအသစ်များ
မုသားများ
မုသားအသစ်များ
ဒုက္ခဆိုလည်း ဒုက္ခအသစ်
နောက်ထပ်နာမည်အသစ်နဲ့
ငါကခါးလည်း နောက်ထပ်အခါးများ
ငါကမမျှော်လင့်လည်း နောက်ထပ်မျှော်လင့်ချက်များ
အဲဒီမှာ ငါက ကားယားကြီးကျလာ
အဲဒီမှာ ငါ အတော်မသတ်ကြီးပြင်းလာ
အဲဒီတော့ ငါ မူလဆီ ပြန်သွားလို့လည်း မရ
အမှန်က ဘယ်အရာဆီမှ တကယ်ပြန်သွားလို့ မရ
အဲဒီမှာ..
ငါတို့ မသေခဲ့ကြ!
ဘယ်လိုကမ္ပည်းတင်မှုပါလိမ့်
အဲဒါက လွမ်းဆွတ်ဖွယ်ဖြစ်အောင်
ငါ့ကိုဆွဲဆောင်နေတာပေါ့
ဒါပေမဲ့ ငါ့တို့
ရှေ့ရထားကို မမီလိုက်သူများ
နောက်ရထားနဲ့လည်း လိုက်ပါခွင့်မရှိသူများ
ရက်စက်တဲ့သွားတွေထဲ ပစ်ထည့်ခံလိုက်၊ ခုန်ထွက်လိုက်
ငါဟာ ဆပ်ကပ်သမားဖြစ်ခဲ့တယ်
ငါဟာ ကိုယ်မသိသောအမှုအတွက်
ပူးတွဲတရားခံဖြစ်ခဲ့တယ်
ငါဟာ ၁၉၄၈
ကမ္ဘာစစ်မှ ပြည်တွင်းစစ်သို့ ကူးပြောင်းကာစ
လူ့ဘဝကို ရခဲ့တယ်
လူအများ အလကားနီးနီးရသောအရာကိုမျှ
ငါ တိုက်ယူခဲ့ရပါတယ်
သေနတ်တစ်ချက်မှမဖောက်ဘဲ
ငါစစ်ရှုံးခဲ့ပါတယ်
ငါလက်ထပ်ခဲ့တယ်
လက်ထပ်စာချုပ်ရှိခဲ့တယ်
ဖိတ်ကျတဲ့လသာညတစ်စက်လောက်
သောက်ခဲ့ဖူးတယ်
ရူးဖူးတယ်
ငါ့ဘဝကို အများပြည်သူကောင်းစားရေးစကားလုံးမှာ ပုံအောဖို့
အရေးကြီးဖူးတယ်
အရှက်တကွဲ အသည်းကွဲဖူးတယ်
၁၉၆၂၊ ၁၉၆၅
၁၉၇၄
၁၉၈၈
၁၉၉၆
ခုနှစ်များ
စားဖူးတယ်
ဖျာတစ်ချပ်ပေါ်သေသလို
လေးလေးနက်နက် ပျင်းရိခဲ့တယ်
ကြောင်ထီးလို ပျင်းရိခဲ့တယ်
လူတွေက အထင်သေးစော်ကား
ကိုယ်က ကိုယ့်ကိုယ်ကိုယ်ကြီးမားတယ်လို့ထင်
လွဲချင်တိုင်း လွဲခဲ့တယ်
သူငယ်ချင်းတွေနဲ့ ကွဲခဲ့တယ်
ဘဝခြားခဲ့တယ်
ဘဝတစ်ပါးသို့ပြောင်းသွားသလို ဘဝခြားခဲ့တယ်
ငါပြန်လာတဲ့နေ့တိုင်း
‘အသက် ၅ဝ ပြည့်တဲ့အခါ ဘယ်လိုနေမလဲ’တွေးတယ်
‘သူတောင်းစားသာသာပါကွာ’
ငါရတယ်
ငါမို့ရတယ်
ငါရခဲ့တာကို တလွဲမထင်ပါ
ငါ’ဖာတစ်လုံးခေါင်းကြား’လို အော်တယ်
တစ်ချိန်တုန်းက ‘ဒေါက်တာကစ်ဆင်ဂျာ’ဟာ
ငါတို့ကိစ္စတွေကို ဖြေရှင်းပေးတယ်
အများကြီး အဆင်ပြေပါတယ်
နာရီတွေ ချိတ်ထားကြ
မော့မော့ကြည့်ကြ
လည်ပြန်ကြည့်ကြ
လာမယ့်မိနစ်အနည်းငယ်မှာ
တစ်ခုခုဖြစ်လာမည့်အတိုင်းပဲ
ငါ့အဖေက သေတဲ့အထိ လက်ပတ်နာရီ မပတ်ဖူးဘူး
ပိုက်ဆံငါးကျပ်ကျော်အောင် မကိုင်ဖူးဘူး
ငါက တန်ပါတယ်
ငါက ဟန်ပါတယ်
ပိုက်ဆံအိတ်နဲ့မဆံ့တဲ့ ပိုက်ဆံတွေ
၁. ရေမွှေးနံ့တထောင်းထောင်း အကျင့်စာရိတ္တတွေ
တိုက်တာပြောင်ပြောင်တွေ
လမ်းမကျယ်ကြီးပေါ်မှာ ကြယ်တွေလိုက်ကောက်ကြ
အကျင့်ပျက်ပြားကြ
စီးကရက်နဲ့ အားဖြည့်အချိုရည် ကြိုက်နှစ်ခြိုက်ကြ
ဆက်လက်၍ နေမြဲနေ မှားမြဲမှား
ဆက်လက်၍ သွားကြ
ဒီရေရဲ့ ရှေ့ဆုံးကလှိုင်းတို့
ကမ္ဘာကြီးကို ပြောင်းလဲလိုက်စမ်းပါ
ငါ့ကိုပါ ပြောင်းလဲလိုက်စမ်းပါ
ကျားကစားသလို
ဒုံးပျံလက်နက် ကန့်သတ်သလို
ငါ အသက် ၅ဝ ပြည့်တော့မယ်
ဘဝထဲနေခဲ့တယ်
ရေဒီယို နားထောင်တယ်
ကမ္ဘာကြီးကို ချောင်းကြည့်တယ်
ငါ ချစ်ခဲ့တယ်
‘ဗာစကိုပိုပါ’ပြောတဲ့ ‘ငါ့အနမ်းကို
ကာကွယ်ပေးတဲ့ သေနတ်သံတစ်သံ’ကို နားထောင်လို့
ငါချစ်ခဲ့တယ်
ငါ့ဘာသာငါ စစ်ကြီးဖြစ်နေတယ်
စစ်ကြီးပြီးခဲ့တယ်
ငါ့ဘာသာငါ စစ်ကြီးထပ်ဖြစ်တယ်
လိုရမည်ရ အသက်ဝဝရှုထားရမယ်
ထွန်ယက်ကြလော့
အသက်ရှင်နေထိုင်ကြလော့
ကြားလိမ့်မယ်
လွယ်သလား
ခံနိုင်ခဲ့ပြီး
နောက်လည်းခံနိုင်ဖို့
ငါ့လက်မှတ်ကို ငါသိတယ်
ထန်းပင်တက်ကောင်းတဲ့ လက်မှတ်လိုလေ
ငါဟာ ပူပြင်း
ခြောက်သွေ့ပြီး
လူရဲ့ မလွဲမသွေ နောက်ဆုံးလမ်းလို အထီးကျန်လွန်းတော့

ငါ မထိန်းနိုင်ဘူး

ချစ်ခြင်းမေတ္တာရဲ့နူးညံ့မှုကို
ထိတွေ့တဲ့အခါ
ငါမထိန်းနိုင်ဘူး
အမဲတုံးမိတဲ့ခွေးလို ဆန့်ငင်ဆန့်ငင်
မသေမရှင်
ငါ မထိန်းနိုင်ဘူး
အပြည့်လူ အပြည့်လူ့ဘုံကိုမရတဲ့
ငါ့တေးဟာ
အရိုင်းအစိုင်းတေးပဲ
ဘုရားတရားတော်နဲ့
အနုပညာနည်းနည်းကြောင့်သာ
ငါဟာ ယဉ်ကျေးဖွယ်ဖွယ်ရာရာ နည်းနည်းရှိခဲ့
ငါ ‘ဂျွန်ကိ’လို ကံဆိုးတယ်
သူ့လို ‘အကောင်းတွေ’ကိုတော့ ချန်မထားနိုင်ဘူး
တစ်ခါက ငါ့အမေက ငါ့ကိုမွေးခဲ့ပေါ့
ငါ့အမေက ငါ့ကို နာကြည်းခဲ့ပေါ့
အမေရဲ့အချစ်ဆုံးသားဟာ
အမေရဲ့အမုန်းဆုံးသားပမာ
ငါမှားတယ်
သို့မဟုတ် မှန်တယ်
မထူးနိုင်တော့ပါ
အမေရယ် အမေဆုံးတော့ သည်းသည်းထန်ထန် ကျွန်တော်ငိုတယ်
ကြည့်လို့တော့ အတော်ဆိုးတာပဲ
အမေ မသိဘူးမဟုတ်လား
အမေ ကျွန်တော့်ကိုသိအောင် ကျွန်တော်မစွမ်းဘူး မဟုတ်လား
အမေက စိတ်ကြီးတယ်
သူ့အမေခေါင်းချရာမှာ သူ ဖြစ်အောင် လိုက်ခေါင်းချတယ်
ကျွန်တော့်အမေမြေပုံမှာ ပန်းတစ်ပွင့်ပင် မစိုက်နိုင်ခဲ့ဘူး
ခုတော့ မျက်မှန်နဲ့ ဆံပင်ဖြူနဲ့
မြေမြှုပ်ဗုံးတွေကြား လမ်းလျှောက်သလို ဇီဇာကြောင်ကြောင်နဲ့
သေမှာလည်း ကြောက်နေတယ်
နောက်ကြောင်း မအေးဘူးကိုး
အသက်ရှင်ဖို့ရာ
‘အသက်ရှင်မှုအတတ်’ လိုပါလေရဲ့
ဒါကြောင့် ငါ့မှာ မရပ်မနားပြေးလမ်းပေါ်
ယောင်္ကျားတွေ မရပ်မနားပြေးလမ်းပေါ်
ပြေးပေရော့
ငါ့နောက်မှာ ငါ့ရထားတွဲ
ဒရွတ်ဆွဲလိုက်ပါလို့ရယ်
ကြွေးဆိုတာ ယူပြီးရင် ကျိန်းသေ ပြန်ဆပ်ရမယ်
‘ရှားလော့’လှီးယူချင်တဲ့ အသားတစ်ပေါင်ဖြစ်ဖြစ်
ကျိန်းသေပြန်ဆပ်ရတယ်
ပြုခဲ့မိရင်
ကျိန်းသေအလျော်ပြန်ပေးရပါတယ်
အလျော်ပေးရမယ်
မိသားစုတွေ
စိတ်ဒုန်းဒုန်းချ မိသားစုတွေ
ငါတို့၏အဖေများမှ သမီးများအထိ
လွတ်လပ်ပျော်ရွှင်နောက်ပြောင်ကြပါစေ
ခံစားမှုအတိုင်း နေထိုင်ပါစေ
ခံစားမှုကတော့ မြင့်မားပစေ့ပေါ့
ကားလို
မောင်းရင်း ဘရိတ်အုပ်ရင်း
လမ်းကြည့်ရင်း အရှိန်မြှင့်ရင်းပေါ့

တစ်ယောက်အတွက်တစ်ယောက် သီချင်းဆိုပါ
ကူညီပါ
ကဗျာရဲ့မှော်စွမ်းနဲ့
အသံတွေကို ခေါ်ပါ
စိတ်ရှည်ရှည်ထားရမယ်
လေ့ကျင့်ခန်းလုပ်ရမယ်
ကိုယ့်စိတ္တဇနဲ့ကိုယ် ပျော်မွေ့ဖို့လိုမယ်
ရူးသွပ်ပြေးထွက်လာသူကို
အဝတ်ဖြူကြီး လွှားခနဲလွှမ်း
ခင်ဗျားကို ဆံပင်ညှပ်ရမယ်
ဆံပင်ခဏခဏ ညှပ်တယ်
ဆံပင်ညှပ်တဲ့ခေတ်ပဲ
အရည်အချင်းမလိုတဲ့ခေတ်ပဲ
အကောင်းတော့ မဟုတ်ဘူး
ဆံပင်ခဏခဏ ညှပ်တယ်
မရေမရာ မှုန်ဝါးဝါးမှာ
ယုံကြည်မှုတစ်ခုရရန် ငါ့မှာ
အလျင်စလိုဖြစ်နေဟန်တူတယ်
ဟုတ်ပြီ၊ အံဖတ်တွေပေပြီးနောက်
ရေချိုးပြီးပြီ
ခေါင်းလျှော်ပြီးပြီ
ပရိတ်ရွတ်ပြီးပြီ
‘အမှောင်တွင်းမှ ဘုရားရှိခိုးမှုအား
ကြားတော်မူပါ အရှင်ဘုရား’
‘အမှောင်အတွင်းမှ အမျှယူ
သာဓုခေါ်ပါရစေ အရှင်ဘုရား’
ထရပ်ကားများ စီတန်းမောင်းသွားကြ
စက်ဆီပေ ဒရိုင်ဘာတွေ
စက်ဆီပေ ပင်လယ်ငါးတွေ
ပြည်သူလူထုဟာ ခေါင်းဖြီးဖို့သပ်သပ်
အားလပ်ရက်မှာ ရုပ်ရှင်ကြည့်
စင်္ကြံမှာ ပြည့်ကျပ်နေတယ်
သတင်းစာဖတ်လို့
ရထားထွက်တော့မယ်
ငါ့မျက်လုံးသီလာလို့
ရထားထွက်တော့မယ်
‘ကွေးမြစ်ပေါ်က တံတား’မှာ
ရထားထွက်တော့မယ်
စစ်ပွဲသို့အသွား စစ်ပွဲမှအလာ
ပါရီမြို့ကြီး ပျော်ပွဲဆင်လျက်ပါ
လူညစ်တစ်ယောက် ပေါ်လာတိုင်း ပေါ်လာတိုင်း
ကမ္ဘာကြီးအလုပ်ရှုပ်ရပါတယ်
ငါ ဖျားတယ်
အမုန်းများခြစ်ခြစ်တောက်
ငါ နေမကောင်းဘူး
၁ဝနှစ်ဆေးခါးကြီး ငါသောက်တယ်
ငါ နေမကောင်းဘူး
လူ့ဘဝမှာ ရောဂါဖြစ်လိုက်
ဆေးကုလိုက်
ပျောက်လိုက်
မငြီးငွေ့နိုင်ပါဘူး
ငါတို့ ထမင်းဝိုင်းထိုင်တော့
ကျိုင်းကောင်တွေ ပျံလာပြီ
‘နို့ ငါ မပြောလို့ ဘယ်သူက ပြောမှာလဲ’
ကျိုင်းကောင်တွေ ပျံလာပြီ
‘ဒေဝဒတ်ကို ကယ်တော်မူပါဘုရား’
‘မြေပြိုတော့မယ့် ဒေဝဒတ်ကို ကယ်တော်မူပါဘုရား’
ကျိုင်းကောင်တွေ ပျံလာပြီ
ရော့ခ်အင်ရိုးကမ္ဘာ
ကျိုင်းကောင်တွေ ပျံလာပြီ
ညစ်ပတ်တဲ့နောက်ဖေးလမ်းကြားနဲ့ ကမ္ဘာ
တရုတ်ပျော်ပွဲစားရုံနဲ့ ကမ္ဘာ
ကျိုင်းကောင်တွေ ပျံလာပြီ
နှင်းဆီပန်းများပွင့်တဲ့ ချစ်စဖွယ်ကမ္ဘာ
ကျိုင်းကောင်တွေ ပျံလာပြီ
သရဲတစ္ဆေဆန်စွာ
အံမဝင်ခွင်မကျ
အနေရအထိုင်ရလက်နေတဲ့ နောက်ဆုံးလက်ကျန်ဂေါ်ဇီလာ
အဲသလို ကဗျာဆရာ
အမျိုးသားမှတ်ပုံတင်ကတ်မှာ
အလုပ်အကိုင် ကဗျာဆရာ
မဟာပထဝီမြေကြီး အိုးထိန်းစက်ကဲ့သို့ လည်၏
အဲသလို ကဗျာဆရာ
တစ်ချက်ပိတ်ကန်ခံရရင်
ကဗျာတစ်ပုဒ် ဆောင့်ထွက်လာတယ်
ဒါကြောင့် ငါ့ကဗျာကို အရသာခံဖတ်သင့်ပါတယ်
အဲသလို ကဗျာဆရာ
အဲဒါကို သူ တစ်သက်လုံး ကြိုးစားခဲ့တာတဲ့
နားလည်လာပါလိမ့်မယ် ကဗျာဆရာဆိုတာ
တကယ်ကတော့ ငရဲသားများ
အဲသလို ကဗျာဆရာ
အသင့်ပြင်ကင်မရာ သန်းပေါင်းများစွာရှေ့
လူ့သမိုင်းဟာ သတိကြီးကြီးနဲ့
ရှေ့တိုးလာနေတယ်
လူ့သမိုင်းဟာ ရှေ့တိုးလာနေပါတယ်
ရူးသွားသလို ငါခုန်ပေါက်နေတယ်
ဟေ့ကောင် ထိုးစမ်းကွာ
ငါ့ကို တရစပ်ထိုးစမ်းကွာ
အလုပ်နဲ့လက်မပြတ်သူလို ထိုးစမ်းကွာ
ငါ ခုန်နေမယ်
ငါ အော်နေမယ်
ကြိုးဝိုင်းခေါင်းလောင်းသံ မမြည်မချင်း
ငါ ခုန်ပေါက်နေတယ်
ငါ ဆွေ့ဆွေ့ခုန်နေတယ်
ငါဟာ လူပေါ
ငါဟာ လူသိမ်လူဖျင်း
ငါဟာ သူရဲကောင်း
ဘယ်လိုမဆို ငါနေခဲ့တယ်
အဲသလို
လူးလှိမ့်ခဲ့တယ်
အဲသလို
တစ်ပတ်ရိုက်ခံခဲ့တယ်
ငါ့ဘက်က မပျက်ကွက်ခဲ့ပါဘူး
အဲသလို

ကဲ၊ အသက်ရှင်ခဲ့တယ်လေကွာ
ငါ့ရဲ့ဂုဏ်ယူစရာ
ငါ့ရဲ့မသတီစရာများ
ငါ့ရဲ့ ဂုဏ်သိက္ခာများ
ဂုဏ်သိက္ခာ၏ အဖိုးအခများ
ဂုဏ်သိက္ခာ၏ ကျဆုံးခန်းများ
မသေရုံသက်သက်ပဲ
ငါ့အတွက်က ဗလာပါ
ငါအမြဲ ဗလာမဲကျခဲ့တယ်
ငယ်ငယ်က ပိန်တယ်
ကြီးလာတော့ ဝတယ်
ငါ မပါပြန်ဘူး
ငါဟာ ညောင်းညာခဲ့တယ်
ပက်လက်ကုလားထိုင်လို ညောင်းညာခဲ့တယ်
ငါ ‘ဒေးဗစ်ကော်ပါဖီး’လို မပျံနိုင်ဘူး
မှောင်မည်းဥမင်လိုဏ်ခေါင်းရှည်လျား
ဘူတာကို မေးမြန်းကြ
အဖြေမရှိကြ
ကုန်သည်ပွဲစားများ
အမှုထမ်းများ
ဘုရင်များ
သဘင်သည်များ
ဘာမှမလုပ်သူများ
စိတ်မသန့်နိုင်၍ ရေသန့်ဘူးသောက်သူများ
ရှိမြဲရှိတဲ့ ခေါမကျောက်အိုးမှာလို
ဘယ်သူနဲ့မှ အငြင်းပွားဖို့ ငါ့အလုပ်မဟုတ်ပါ
မှားချင်မှားလိမ့်မယ်
‘ဟိုကောင် ရေနစ်နေပြီ
လာ၊ သွားကြည့်ရအောင်’တဲ့
‘မြတ်စွာဘုရား’
ရုပ်ရှင်များ ပြသလျက်
ကားများ လမ်းမပေါ်ပြည့်လျှံလျက်
စကားများ ဆူညံလျက်
ငါကြိတ်၍ အညံ့ခံခဲ့ပေါင်း
ထည့်ပေါင်းရမယ်
အနာဂတ်ဆိုတာ အခြားရွေးချယ်စရာမရှိတဲ့အရာပါပဲ
ငါ ဘယ်တုန်းကမှ တကယ်မပျော်ရွှင်ခဲ့ပါ
ငါလည်း စစ်လျော်ကြေး ရလိုပါတယ်
ငါ စိတ်လေခဲ့တယ်
အငွေ့ပျံ
အခဲဖြစ်
ထပ်ကာ အခဲဖြစ်
ထပ်ကာ အငွေ့ပျံ
နေ့တွေညတွေ နေတွေလတွေ ဂြိုလ်တွေနက္ခတ်တွေ
ထိုင်ရေတွက်နေသလိုလို
‘ပရောဖတ်’လိုလို
ငါ ယဉ်ယဉ်လေး စိတ်လေနေတယ်
ဒါနဲ့စကားမစပ်
ရယ်တော့ ရယ်စရာ
အကြိမ်များစွာ ငါဖြစ်ပုံ
ငါ့ကိုတွေ့ရင်
‘ဥမ္မာဒန္တီကို တွေ့လိုက်တဲ့ ပုဏ္ဏားတစ်သိုက်လို
မူးမော်တွန့်ခေါက်ကုန်ကြတယ်
အကြိမ်များစွာ
ငါ့ကိုတွေ့လေတိုင်း
ဟ၊ ဒီဥပမာက
ဆီလျော်ရဲ့လားကွ
ငါ ယဉ်ယဉ်လေး စိတ်လေနေတယ်
ငါ့မှတ်ဥာဏ်မှာ ကုက္ကိုပင် အကြီးကြီးများ
မရှိတော့ပါ
လွမ်းဆွတ်ဖွယ်ရာသီဥတုအောက်
မီးကျည်မီးပန်းလိုထတောက်
အရောင်စုံသော စက္ကူပန်းများအား
မမေ့ပါ
‘ဖော်ဝေး’ကို မမေ့ပါ
သူဟာ မှန်ချပ်များ ခြောက်လှန့်ပြလိုတဲ့
သူ့ကိုယ်သူ ရှောင်ခဲ့ဖူးတယ်
အပြစ်မကင်းသလို ငါ့နေထိုင်မှုမှာ
ငါ ကျင့်သားရခဲ့တာ
ကိုယ့်အစွမ်းအစကို အပထားပြီး
ဆွံ့အခဲ့တာ
ခဏခဏနာကျင်မှုကို
ထုံခဲ့တာ
ငါ ဝင်ထွက်သွားလာသမျှ
အသက်မဲ့နေခဲ့တာ
ငါ့လှုပ်ရှားမှု ငါ့ပြောင်မြောက်မှု
တရားမဝင်ခဲ့တာ
ငါ့မှန်မှာ ငါ့ဟာ မှားနေပေါ့
‘မှန်တွေဟာ မှားနေတယ်လို့’
လွန်ခဲ့တဲ့ ၄-၅ နှစ်လောက်က
တစ်ကမ္ဘာလုံး အလန့်တကြားသိခဲ့ကြတယ်
ငါလည်း အဲဒီတော့မှ သိတယ်
နေ့စဉ် ငါတို့ ကိုယ့်ကိုယ်ကိုယ်စေ့စေ့ကြည့်ခဲ့ပြီး
နေ့စဉ် ငါတို့ ကိုယ့်ကိုယ်ကိုယ် သေသေချာချာမှားခဲ့တယ်
ဒီတော့ ဘယ်လိုလုပ်မလဲ
ငါဟာ ယိမ်းထိုးတုန်လှုပ်ခဲ့ပေါ့
ငါ တုန်သွားတယ်
ဒီတုံးမှာ မုန်တိုင်းလာပေါ့
မဟာသမုဒ္ဒရာမှ မဟုတ်ပါ
အနန္တ စကြဝဠာမှမဟုတ်ပါ
မုန်တိုင်းလို မုန်တိုင်းလာပေါ့
ငါ့ကိုယ်တွင်းမှ မုန်တိုင်းလာပေါ့
မှန်များကွဲပေါ့
ငါ အမြွှာမြွှာ အစိတ်စိတ်
ငါ အစိတ်စိတ် အမြွှာမြွှာ
မှန်လိုကွဲပေါ့
သွေးထွက်ပေါ့
သွေးခြင်းခြင်းနီ ငါဆိုတာလိုက်ကောက်လည်း**
ဘယ်မှာမှ ကောက်၍မရပါ
တစ်စတစ်ဖဲ့မျှ မရပါ၊ ဒုက္ခပဲ
ဆိုးပုံက
‘ငါဟာ ငါဖြစ်တယ်’လို့
ဖင်ခေါင်းကျယ်လို့ မရတော့တာပဲ၊ ဒုက္ခပဲ
ဒိန်းဒလိန်း ဖမ်းစားသလို
အဲဒီသွေးအလိမ်းလိမ်းငါများ
ခင်ဗျားဖတ်ပါတော့။ ။

အောင်ချိမ့်
၂၈ ဇူလိုင် ၁၉၉၇ မှ ၁၂ သြဂုတ် ၁၉၉၇


Saturday, October 15, 2016

ကြမ်းပိုးများတဲ့အိပ်ရာ (ကဗျာရှည်)

ကြမ်းပိုးများတဲ့အိပ်ရာ (ကဗျာရှည်)
=======================
အမှန်မတော့
ကမ္ဘာကြီးသာယာပျော်ရွှင်ဘွယ်ကောင်းအောင်
လူဆန်ပြီး
သိပ်ယဉ်ကျေးတဲ့
စိတ်ကူးကောင်းသူတွေက
တည်ဆောက်ထားတာဖြစ်တယ်။
မောင်ချောနွယ်ဟာ
အဲသည်အစားထဲကဖြစ်လေရဲ့။
ရေညှိစိမ်းပုတ်
ဖုံးလွှမ်းအုပ်တဲ့
အုတ်တံတိုင်းပေါ်က
ပဒိုင်းပွင့်လေ
သင့်ကို ဖျားယောင်းနေခဲ့ပေါ့
ပန်းပွင့်ထဲက
ဝတ်ရည်လေးကို
သူတို့ကွပ်မျက်ခဲ့လို့
သင်နဲ့ငါ
လာရောက်စေးကပ်ငြိတွယ်ခဲ့ကြရဲ့။
စိုထိုင်းဆတွေ မှိုတက်
မှိုပေါ်မှာ
ပက်ကျိဟာ တွားသွားရဲ့
နှေးတာမြန်တာက ကိစ္စမရှိဘူးလေ
သွားမသွားက ကိစ္စရှိပေရဲ့။
ကမ္ဘာလောကကြီးကို
ယုယသူဟာ
မောင်ချောနွယ်
ဖော်ဝေး
အောင်ချိမ့်နဲ့
သုခမိန်လှိုင်တို့ဖြစ်ကြရဲ့။
ကမ္ဘာကြီးနဲ့စိမ်းသူဟာလဲ
သူတို့ပဲဖြစ်ကြတယ်။
ရေခဲတွေအရည်ပျော်ရန်
ငါ့ကိုခေါ်ပါ
မောင်ချောနွယ်ကိုခေါ်ပါ
ဖော်ဝေးကိုခေါ်ပါ။
မပူသေးတဲ့ရေ
ဆူရန်
ငါ့ကိုခေါ်ပါ
ဖော်ဝေးကိုခေါ်ပါ
မောင်ချောနွယ်ကိုခေါ်ပါ။
ဘယ်သူ့ကိုမှ မတရားမပြောပါဘူးဗျာ
ကျွန်တော် ထမင်းစားတတ်ပါတယ်
ကျွန်တော်တို့ ထမင်းစားတတ်ပါတယ်။
ကျွန်တော်တို့ ရင်ထဲမှာ
ဟာဝိုင်ယီကျွန်းလေး ရှိပါတယ်
လူရွှန်းရှိပါတယ်
ဂျွန်ကိရှိပါတယ်
ကျွန်တော်တို့ရင်ထဲမှာ
တင်နီဆင်ရဲ့ ကျောက်မျက်ရွဲများ ရှိပါတယ်။
တို့တွေဟာ
ရေဒီယမ်သတ္တုကို
ရှာဖွေတွေ့ရှိသူ ဖြစ်ရဲ့
မဒမ်ကျူရီဖြစ်ရဲ့
အယ်ဒီဆင်ဖြစ်ရဲ့။
တို့တွေဟာ
အရောင်းအဆင်းရဲ့အသံကို
စိုက်ပျိုးနိုင်သူဖြစ်ရဲ့
ပီကာဆိုဖြစ်ရဲ့
ဗင်ဂိုးဖြစ်ရဲ့။
တို့တွေဟာ
အရာဝတ္ထုတွေရဲ့
အလျားလေးဖက် ထုလေးဖက်ကို
စမ်းသပ်မိသူတွေဖြစ်ရဲ့
ဟီရာကတပ်(စ်)ဖြစ်ရဲ့
မာ့(က်စ်)ဖြစ်ရဲ့။
တို့တွေဟာ
သံတွေ ခဲတွေကို
တောင်ပံတွေ
တပ်ဆင်နိုင်ကြသူတွေဖြစ်ရဲ့
ဗီသိုဗင်ဖြစ်ရဲ့
ရှိုပင်ဖြစ်ရဲ့။
အဆိပ်ရှိတဲ့မြွေပင်
ဟင်းတစ်ခွက်ဖြစ်နေရာ
အဆိပ်မရှိတဲ့လင်းမြွေ
ဟင်းနှစ်ခွက်ဖြစ်လေပေါ့ခုခါ။
ကျောင်းပြေးဖူးလား
အိမ်ပြေးဖူးလား
ရည်းစားနဲ့ကွဲဖူးလား
ဖဲရှုံးဖူးလား
ဂျင်တိုက်ဖူးလား
လူမိုက်တွေနဲ့ ရိုက်ဖူးလား
ဆေးရှုဖူးလား
အရက်သောက်ဖူးလား
ပခြုပ်အိမ်ရောက်ဖူးလား
အပေါင်ဆိုင်ရောက်ဖူးလား
သင်ဟာလူမို့
အပူတစ်ခုထဲတော့
မလိုအပ်တန်ရာ။
ကန်ရေကိုသောက်ပါ
ဖန်ကလပ်ထဲကရေကိုသောက်ပါ
ကမ္ဘာထဲမှာ
ဘယ်လိုဖူးပွင့်မှာလဲ
အိမ်ဆိုတာ
ဖဲထုပ်လေးတစ်ထုပ်ရှိမှ
ပျော်စရာကောင်းပေမပေါ့။
မိတ်ဆွေ၊ ဘုရားသခင်
လူငယ်နဲ့ အနုပညာ
အတူနေပါစေ
ကမ္ဘာကြီးကို ပျော်ရွှင်ပါစေ။
ကော်ဖီရောင်နေမင်းကြီးထဲမှာ
မြစ်ဟာ
ပျင်းရိစွာ စီးဆင်းလို့
ဘယ်တော့မှ
ဟောင်းလိမ့်မယ်မဟုတ်တဲ့
အချစ်သီချင်းလေးကို နားထောင်ပါ
၁၅-နှစ်သားက သီဆိုလို့နေလေမှာ။
မွန်တီကိုရေလက်ကြားလေးမှာ
ရွှင်ပျော်ပျော်ဖဲဝိုင်းလေး
သွားကျင်းပဖို့
ကမ္ဘာကြီးဟာ
ရွှေအိုရောင်တောအုပ်တစ်ခုလို့
ကျွန်ုပ်တို့
ယူဆနှုတ်ဆက်ထားခဲ့ကြစို့
လာလေ။
''လီနင်''ကို
သင်မညာခဲ့ဖူး မဟုတ်လား။
သင်
''ချေ''ကို မညာခဲ့ဖူး မဟုတ်လား
ကျွန်ုပ်သိပါတယ်
နွေးထွေးမှုဟာ
ဈေးကြီး
ဝေးကွာ
သင်ကဗျာလဲစပ်တတ်ရဲ့ မဟုတ်လား။
သင် ''ဝင်စတန်ချာချီ''ကို
လိမ်ညာခဲ့တာတော့ရှိပါစေ။
ဆံပင်ဘယ်ခွဲခွဲ
အသည်းရောင်ကိုင်းနေတဲ့
မောင်ချောနွယ်
စွတ်စိုထိုင်းမှိုင်းလှပေရဲ့။
ကမ္ဘာထဲမှာ
မောင်ချောနွယ်
ချောင်းကောလေး မဖြစ်ချင်ပါ။
ဗလာစည်တွေက
တယ်ပြီးမြည်နေကြသကိုး
ကမ္ဘာကြီးကလဲ
နာမကျန်းဘူး မဟုတ်လား။
ငွေရှာခြင်းအတတ်
မတတ်တာနဲ့ မတတ်ချင်တာနှစ်ခု
နှစ်ခုလုံး မွေးမြူရေး မအောင်မြင်ပါ
မကာအိုမြို့က
အမှတ်ကိုး ''ဘယ်လိုဒူဆေးလ်''မှာ
''မာဂရက်''ဟာ နေထိုင်ပါတယ်
သီရိခေတ္တရာပြည်က
တောင်ပေါ်လမ်းကွေ့မှာ
ကျွန်တော်တို့ဟာနေထိုင်လို့
မကာအိုမြို့ကသူနှင့်
မိတ်ဆွေဖြစ်ချင်ပါတော့သည်။
ကျွန်တော်
ဘော့ဒိုင်လင်ကို သိပါတယ်
စိုင်းထီးဆိုင်ကို သိပါတယ်
မွန်တီကို ရေလက်ကြားလေးကို သိပါတယ်
''သည်ကွိုင်ဒွန်''ကို သိပါတယ်
သံမဏိသူရဲကောင်းကို သိပါတယ်
အနုမြူကို သိပါတယ်
ဂေါ်ဒီယက်ကို သိပါတယ်
မာကူတာကို သိပါတယ်
ခင်သန်းနုကို သိပါတယ်
ပုဒ်မ၃၂ဝကို သိပါတယ်
ညိုနိုကို သိပါတယ်။
ကျွန်တော်ဟာ
ကြယ်တွေကို ရေတွက်ဖူးလေရဲ့
လူသားဒုက္ခကို
ငါးမျှားခဲ့ပေရဲ့။
ကမ္ဘာထဲမှာ
ကျွန်တော် သိတာတွေ အများကြီးပါ
ပွဲစားလေးမောင်ဘတင့်နဲ့
ဘိန်းစားငပိန်ကိုလဲ သိခဲ့ပါရဲ့
ဒါပေမယ့်
ကျွန်တော် အများကြီးကိုပဲ
မရခဲ့ပါလား။
အများကြီးကို သိပြီး
တစ်ခုမှ မရဘူးဆိုရင်
ဘော့ဒိုင်လင်ကို မသိပါရစေနဲ့
စိုင်းထီးဆိုင်ကို မသိပါရစေနဲ့
မသိပါရစေနဲ့
မသိပါရစေနဲ့
သိပြီးသားနဲ့ မသိရသေးတဲ့အားလုံးကို
မသိပါရစေနဲ့
ခင်သန်းနုကိုလဲ မသိပါရစေနဲ့လား။
ငါ
မာရ်နတ်ကိုယုံခဲ့ပေါ့
ပိုးကိုက်လေတဲ့
သစ်ရွက်လောက်မှ
တန်ဖိုးမရှိ ဥပဓိရုပ်မကောင်းလေခဲ့
စိတ်ကူးကောင်းသူရဲ့
ပျော်ရွှင်ဖွယ်လူသားကမ္ဘာ
ကျွဲပုခုံးထခဲ့ပေါ့
အားလုံးဟာ။
၂၄နာရီတို့
တရားမဲ့
ကောက်ကျစ်
ငိုကြွေး
သစ္စာမဲ့
၂၄နာရီတို့
သောကဒုက္ခတို့သာ
ယက်ဖွဲ့ခဲ့လေပေါ့။
ကမ္ဘာထဲက သစ်သီးတွေ
မစားချင်တော့ဘူး
ကမ္ဘာထဲကရေကို
မသောက်ချင်တော့ဘူး
မှောင်မှန်းမသိ မှောင်မှောင်လာတယ်
မှောင်မှန်းသိတော့
ပိုပြီးမှောင်တယ်။
ကမ္ဘာထဲက
အချိုဆုံးသစ်သီးကို
သောက်ပါရစေ။
ကမ္ဘာထဲက
အမွှေးဆုံးပန်းကို
စားပါရစေ။
ကမ္ဘာထဲက
အသန့်စင်ဆုံးရေကို
ရှူပါရစေ။
အသာယာဆုံးရာသီဥတုဟာ
တို့တွေဖြစ်ဖို့ရှိတော့ရဲ့
လိုက်ခဲ့တော့ မြနန္ဒာရယ်
အဆိုးဆုံးရာသီဥတုဟာ
တို့တွေဖြစ်ခဲ့ပြီလေ။
တရားမစောင့်တဲ့နတ်ကို
ကြိမ်တို့လေပေါ့ ငါ့ကဗျာ။
ဘဝဟာမြက်ရိုင်းထူ
လူတွေဟာ
စည်းစိမ်ဓနကိုသာ
လုယူဖို့စဉ်းစားကြပြီး
ဒုက္ခသောကတွေကိုတော့
လုယူဖို့
နည်းနည်းမှ မကြိုးစားကြဘူး။
ငါ့သေခွက်မှာ
တက်တက်ပြောင်နေပြီ
ကမ္ဘာလောကကြီးကတော့
ဖိုးထောင်
ဂျိုးထောင်ရင်
ငြိမ်နေတော့တာပဲ။
ဘဝကိုသုတေသနလုပ်ပါ
မြောင်းကပုပ်တာ
မြောင်းထဲကျတဲ့
ရွှေပုပ်တာ မဟုတ်ဘူး
တို့တွေဟာ
ကဗျာဆရာပဲ
မြောင်းကပုပ်တာ။
နတ်ရေကန်ထဲခုန်ဆင်းမယ်တဲ့
ဘယ့်နှယ်၁၆နှစ် ဖြစ်နိုင်မှာလဲ
ကဗျာနို့စို့ခွေးလေးရယ်။
အနုပညာနဲ့လူသားသိက္ခာကို
အဆိပ်မခပ်ပါနဲ့
နေရောင်ခြည်ရှိရာအရပ်မှာ
နေပါရစေ
ကျွန်ုပ်သည်
သင့်ကို ပျော်ရွှင်ပါစေ
သင်ဟာ
အမတ်လောင်းပေလား
မျက်စိတစ်ဖက်စောင်းခဲ့ရဲ့။
ကမ္ဘာထဲမှာ ဆားခပ်တိုင်း ငန်မသွားတဲ့
အရာနှစ်ခုရှိလေရဲ့
ပင်ကိုယ်က ငန်နေတဲ့
ပင်လယ်ဖြစ်ပြီး
ပင်ကိုယ်က မပြောင်းတဲ့
အမှန်တရားတို့ဖြစ်ရဲ့။
စစ်လိုလားသူဟာ
အန်ကောဝပ်ဘုရားရှိခိုးကျောင်း
သိုးကျောင်းသားလေးနိုဗက်(စ်)
ဂျူးမလေး အက်စသာနဲ့
ပေါလ်တို့ ဖြစ်ကြတယ်။
ကမ္ဘာထဲမှာ
ငြိမ်းချမ်းရေးချစ်သူဟာ
ဟစ်တလာ
တင်နိုဟေကာနဲ့
မူဆိုလိုနီတို့ ဖြစ်ကြရဲ့။
ကမ္ဘာထဲမှာ
စာသင်ကျောင်းဟာ
ပျင်းဘွယ်ကောင်းရဲ့
ပန်းခြံဟာ
ချမ်းမြေ့ဘွယ်ကောင်းပြီး
ဘုရားရှိခိုးကျောင်းဟာ
တည်ငြိမ်လို့
အချိန်ဟာ
နာရီဒိုင်ခွက်ထဲ အကျဉ်းကျလို့
တို့တွေဟာ
ဒိုင်ယာရီထဲ နေထိုင်ကြတယ်။
လောကကြီးမှာ
လူဖြစ်ရတာလဲ
တကယ်တော့
စိတ်ညစ်ဖို့ကောင်းရဲ့
အိုနာဆစ်ဖြစ်ရတာလဲ
စိတ်ညစ်ဖို့ကောင်းရဲ့။
နစ်ဆင်ဖြစ်ရတာလဲ
စိတ်ညစ်ဖို့ကောင်းရဲ့။
မြန်မာပြည်မှာ
အပ်ချုပ်ဆိုင်လေးထောင်နိုင်ရင်
သင်ဟာ
လူရာဝင်ဆန့်မှာ အမှန်ပင်
ဝန်ကြီးချုပ်ရာထူးမှန်း
အောက်တန်းစာရေးလေးနဲ့သာ ကျေနပ်ရင်
ယန်းပေါလ်ဆတ် သီအိုရီကို
ဒုက္ခရှာလို့ သင် မမေးလိုပါနဲ့တော့
ဘယ်အရာမှစောင့်မနေ
ဖြစ်တာသွားခဲ့ပြီ။
ယနေ့
ကောင်းကင်မှာ တို့မြင်ရတဲ့
ကြယ်လေးတွေဟာ
မနေ့ကမြင်ရတဲ့ကြယ်လေးတွေ မဟုတ်ဘူးလေ။
ဒုက္ခတွေထဲ
စုန်းစုန်းမြုပ်ခဲ့လေပေါ့
အချစ်ကလေးရယ်
ပိုပြီးချစ်ကြစို့ရဲ့
တို့တတွေ။
ဘဝဟာ တို့လက်ထဲက မုန့်လေးပဲဖြစ်တယ်
တို့တွေဟာ
ဇာတ်လိုက်တွေဖြစ်ပြီး
ကမ္ဘာကြီးဟာ
ဖတ်ကောင်းတဲ့ဟာအုပ်တစ်အုပ်ဖြစ်ရဲ့
လရဲ့ဝိညာဉ်ဟာ
ငါ့ရင်ခုန်သံဖြစ်ရဲ့
ပျံသန်းတဲ့ငှက်ရဲ့
အာသာရမ္မက်အားခွန်ဟာ
ငါ့အိပ်မက်ဖြစ်ရဲ့။
မုန်တိုင်းဟာ
ငါ့ရဲ့ဈာန်ဖြစ်လို့မို့
ခေတ်ဟာ
ငါ့ကဗျာရဲ့ ဗီတာမင် ပရိုတိန်း ဖြစ်လေရဲ့
အချစ်ကလေးရယ်
မင်းမျက်ရည်တွေဟာ
ဂူစတီနာကို မသိခဲ့ဘူးနော်
ဂျွန် ၂၁ မှာ
ဖိနပ်သစ်လေးတစ်ရံဝယ်ခဲ့တယ်။

.
မောင်ချောနွယ်