အတောင်ပံသစ်ထုဆစ်ခြင်း(ကဗျာရှည်)
==========================
ဒုက္ခတွေနဲ့ဝလို့
ငါ...သတိပြန်လည်လာခဲ့။
ထိန်းချုပ်မှုတို့ဖျားနာ
ကောင်းကင်ပြာ ပျောက်ရှ
ဘဝကိုတစ်ကနေပြန်စဖို့
အကြိမ်တစ်ရာမက ရေရွတ်ခဲ့။
ကောက်ကွေ့ ထုံအီသော
မြစ်များ
ငါ့နှလုံးသားပေါ်ဖြတ်စီး
ဖြတ်စီးကြ။
ပြတင်းတံခါးများဖွင့်လိုက်ကြ
အလင်းရောင်ဝဝရှုကြ။
ငါ့ရင်ခုန်သံကြောင့်
ပန်းများပွင့်စေခဲ့ပြီ။
ပြန်ကောက်မရနိုင်သော
ဟောဟိုနှစ်များ
သက္ကရာဇ်
နာရီ
ပန်းပွင့်
ငှက်များ
အပြစ်မဲ့ရယ်မောသံများ
နံရံပါးပါးတစ်ချပ်
ခြားခဲ့ရပြီ
ခြားခဲ့ရပြီကွယ်။
ကျွန်တော်ထမင်းစားခဲ့
အသက်ရှုခဲ့
ခရီးသွားခဲ့
ခင်ဗျားတို့တစ်တွေကိုချစ်ရင်း
ဆံပင်တွေရှည်လျားခဲ့
နှုတ်ခမ်းမွှေးတို့ရှည်လျားခဲ့
သောက်ပစ်လိုက်တယ်
သောက်ပစ်လိုက်တယ်
မျှော်လင့်ခိုးတွေနဲ့
စိုစွတ်နေတဲ့
ခင်ဗျားတို့ရဲ့မျက်လုံးတွေ။
ဒိုင်ယာရီစာရွက်ပြာပေါ်
'အချစ်'ဆိုတဲ့ စကားလုံးရေးဆွဲဖို့
၂၉ နှစ်လုံးလုံး စောင့်ခဲ့ရသူပေါ့။
နီကျင်ဖန်တွတဲ့
ဆက်ဆံရေးမျဉ်းကြောင်းပေါ်။
သွေးကြောလမ်းမ
ရှိန်းဖိုကြွတဲ့
ဒေါသသွေးဆူ အရက်ဖြူဆိုင်။
ပြီးတော့ ဟို ...အိမ်
ကြားနေကျသီချင်းနည်းနည်း
ပွဲတော်မဲ့အပျော်ညများ
အလည်လွန်တဲ့သား
အမေပြတင်းတံခါးဖွင့်လို့
မျှော်နေမှာပေါ့လေ။
ညတွေ ...
ညတွေကတော့
ဘာမြူဒါဆီ ရွေ့ရွေ့ဖြတ်သန်းသွားကြ
ငါ့ရဲ့လွယ်အိတ်ကလေး
ညာပခုံးမှာချိတ်လို့
ငါ့ကိုတိုးတိတ်ရှိုက်ငင်
တောင်းပန်ဖို့ပြင်ဆင်နေရဲ့။
အမေအကြောက်ဆုံး
ကင်းတဲကသံချောင်းခေါက်သံတွေ
အမေ့ဆီကို အပြေးရောက်လာခဲ့ကြ။
အမေ ...
အုတ်တံတိုင်းမြင့်မြင့်ကြီးတွေ
ကာရံထားတဲ့
တိုက်ကြီးတွေရဲ့ဧည့်ခန်းဆောင်မှာတော့
ငါးစိမ်းသည်မ လေသံနဲ့
ရန်တွေ့နေသံတွေ
အမေအတိုင်းသား
ကြားနေမှာပါအမေ။
အဲဒီအခါတိုင်း
ဗုဒ္ဓဘုရားရဲ့တရားတော်နဲ့
နယူတန်ရဲ့ တန်ပြန်သက်ရောက်မှု
အမေ့နှလုံးသားကို သွေးခြည်ဥခဲ့ပေါ့။
(ခ)
အဲဒီနေ့က
အမှတ်တရရှိခဲ့ကြ
မိုးသားတို့ကြည်လင်ဝင်းပ
နှလုံးသားကြွက်သားတွေဖြေလျော့ကြ
နတ်ဝင်သည်
မျက်လုံးတွေ
လမ်းမပေါ်သို့လမ်းလျှောက်ကြ။
ကျွန်တော်နီရိုးဘုရင်မဟုတ်ဘူး အမေ
ကဗျာဆရာအမေ့သား
လူသားတိုင်းရဲ့နှလုံးသားကို
အနက်ရှိုင်းဆုံးထိုးဖောက်မြင်နိုင်တဲ့
ကဗျာဆရာပါအမေ။
မျှော်လင့်မှုတွေ
လက်ဆန့်တန်းလို့
မိုးကုတ်စက်ဝိုင်းထိ
လမ်းလျှောက်ကြ။
စိတ်ကူးစိတ်သန်း
အသစ်ကျပ်ချွတ်တွေနဲ့
လမ်းလျှောက်ကြ။
ချစ်သူများရဲ့
အပြုံးစစ်စစ်တွေကို
ပိုင်ဆိုင်လိုတဲ့ဆန္ဒနဲ့
လမ်းလျှောက်ကြ။
တချို့
မြစ်တွေကိုစီးကြ။
တချို့
ရေနီမြောင်းကိုစီးကြ။
တချို့
အင်းလျားကိုစီးကြ။
စီးကြ
စီးကြ
တိုဗာခရပ်ဖ်ယာဉ်ကို
နှလုံးသားတပ်ပြီး
စီးနင်းကြ။
တောင်တန်းနဲ့ပင်လယ်ကို
စီးကြ။
လယ်ကွင်းနဲ့ရိုးပြတ်ကို
စီးကြ။
ကမ္ဘာကြီးရဲ့သွေးလည်ပတ်နှုန်းကို
စီးနင်းကြ
လိုရာခရီးရောက်အောင်
စီးနင်းကြ။
(ဂ)
မုသာဝါဒဖျာခင်း
လျှာရင်းမြက်သတဲ့လား
ဟော်လိုဂစ်တာတစ်လုံးထဲက
ချစ်သူအပြုံးနွမ်းနွမ်းလေး
ထွက်ကျလာခဲ့။
စကားလုံးထောင်ချောက်
ဝမ်းလျားမှောက်လဲခဲ့ရပေါ့။
နောင်တရဲ့အလွမ်း
ဒေါသပန်းတို့ပွင့်ခဲ့ရ။
ကျွန်တော်အလိမ်ခံလိုက်ရပြီ
အမေ
အချစ်ရမယ်လား
မရဘူးလား
အချစ်ကို အချစ်နဲ့မျှားခဲ့ရပေါ့။
မာမီမှာနှလုံးရောဂါ
သွေးတိုးရောဂါ
ရောဂါပေါင်း ၉၇ပါးနဲ့
ပိတ်ကားပေါ်မှာ
အသဲကွဲဝတ္တုတွေထဲမှာ
ရုပ်ပြနဲ့တိတ်ခွေထဲမှာ
ကဗျာမဆန်လိုက်တာ ကိုယ့်လူတို့ရယ်။
အမုန်းတွေကို
နှလုံးသားနဲ့အတူ
မြေမြုပ်ပစ်လိုက်တော့မယ်။
ငါကဗျာလေ
ရင်ကော့ပြီးပြောလိုက်မိရဲ့
မင်းတို့ရဲ့တန်ဖိုးဟာ
ဟိုအိမ်က ကောင်မလေးလောက်မှ
စာရိတ္တတွေ ခေါင်းမမာကြတော့ပါလား။
ကိုယ်ရည်သွေးမာနတွေ
နထင်ရောက်
စိတ်ဖောက်ပြန်တတ်တဲ့
မင်းတို့အသိုင်းအဝိုင်းကို
ငါစက်ဆုတ်မိရဲ့။
မင်းနှုတ်ခမ်းပေါ်
ငါ လမ်းလျှောက်စဉ်
ကိုယ်ကျင့်သိက္ခာမဲ့
ရက်တွေ၊ လတွေ၊ နှစ်တွေ
ကိုယ်ကျင့်သိက္ခာမဲ့
မင်းရဲ့စွပ်စွဲချက်တွေ
အော်ဂလီဆန်
ပျို့အန်ချင်ရဲ့။
ဒါပါပဲ
ငါ့ယုံကြည်မှုတွေ
မှားယွင်းခဲ့
ချွင်းချက်သစ်တွေ
မျှော်လင့်ခဲ့။
အနိုင်ယူကောက်ကျစ်
သွေးထိုးရစ်မယ့်
မင်းအသိုင်းအဝိုင်းကြားမှာ
မင်းပျော်ပါးနေရစ်ခဲ့တော့။
ရာဇဝင်မဟုတ်
ဒဏ္ဍာရီမဟုတ်
ဖြစ်ခဲ့တယ်
ကမ္ဘာကြီးပေါ်မှာဖြစ်ခဲ့တယ်။
(ဃ)
နောင်တရဲ့အလွမ်း
ရှင်ခန်းဖြတ်ဖို့
ငါပြန်လာခဲ့ရပြီ။
ငါ့အချစ်တွေ
စိစစ်ဖို့
ငါချစ်တဲ့အမေထံ
ငါ ပြန်လာခဲ့ရပြီ။
ခမ်းခြောက်နေတဲ့
အိပ်မက်ချိုတွေ
စားမြုံပြန်ဖို့
ငါပြန်လာခဲ့ရပြီ။
အလိမ်ခံ အတ္တတွေ
ဖုံးဖိဖို့
၂၉ နှစ်သားလေး
အမေ့ရင်ခွင်ဆီပြန်လာခဲ့ရပြီ။
နှလုံးသားမီးတောင်
အလင်းရောင်တွေနဲ့
ငါပြန်လာခဲ့ပြီ။
ဆိုဖာပေါ်မြုပ်နေတဲ့အနမ်းတွေ
ကျောခိုင်းဖို့
ငါ ပြန်လာခဲ့ရပြီ။
ရိုးမတောင်တွေထမ်း
မြစ်တွေထမ်းလို့
ငါပြန်လာခဲ့ပြီ။
အသစ်စက်စက်
ကောင်းကင်ပြာကိုထမ်းလို့
ငါပြန်လာခဲ့ပြီ။
ညငှက်
ဇီးကွက်တို့
ကုက္ကိုပင်ထိပ်ဖျားမှာ အော်မြည်လို့
ကင်းတဲက သံချောင်းခေါက်သံတွေ
ဆူဝေလို့
စိတ်ပူနေတဲ့ အမေထံ
အမေသားပြန်လာပြီလေ။
သွေးကြောထဲမှာ
စူးဝင်လှည့်ပတ်နေတဲ့
လိမ်လည်ခြင်းမြှားတွေပွေ့ပိုက်လို့
ခေါင်းငိုက်စိုက်နဲ့ပြန်လာတဲ့သား
အမေ ပြေးပွေ့ပြီး
အမေ မျက်ရည်တွေ
ပိုးပိုးပေါက်ပေါက်နဲ့
အမေမျက်ရည်ကြားက ပြုံးနေမှာလား။
အမေသားရဲ့
နာကျင်မှုတွေက
ကမ္ဘာကြီးတုန်ခါလို့။
အမေ့မျက်ရည်တွေကတော့
ကမ္ဘာကြီးကို
သဖန်းသီးတစ်လုံးလို
မျှောစေခဲ့ပေါ့။
.
.
အောင်ဘညို
( ၁၉၉ဝ )
Tuesday, October 11, 2016
အတောင်ပံသစ်ထုဆစ်ခြင်း (ကဗျာရှည်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment