ဂန္တဝင်မမ (ကဗျာရှည်)
===============
၁။
မမရေ .. .. .. .. ..
မမရေ .. .. .. .. ..
မမရေ ..
ကျွန်တော့်ကို တံခါးဖွင့်ပေးပါ။
သွေးရူးသွေးတန်း
ကိန်းဂဏန်းတွေ ကိုင်မြှောက်ပြ
အကြိမ်တစ်ရာရှိပါပြီ
မဟာစကြာဝဠာတစ်ခုလုံး
နပိုလီယံကလွဲပြီး လူသားအားလုံး
စစ်ကိုမုန်းသလို သဘောတူကြတယ်
ဟုတ်တယ်၊ ဒါဖျားနာနေသူရဲ့ အသံပါပဲ။
အိုး
ငါ ဖျားနာနေတာ
နွေသုံးခု၊ မိုးသုံးခု
ဆောင်းသုံးခု
ဒုမဲ့ဒြပ်မဲ့ လက်ပတ်နာရီ
လူနာကုတင်ပေါ် အိပ်ရာပြင်
ပညာရှိများကို ကန့်ကွက်ရဲ့
အသက်ရှင်ခြင်းဆိုတာ ရင်ခုန်တာပဲ
ဘယ်သူငြင်းမလဲဟေ့
ဘယ်သူငြင်းမလဲ။
ဆရာဝန် ညွှန်ကြားချက်မှာ
လက်ဖက်ရည်တစ်ခွက်ပေးပါ
ဒူးယားတစ်လိပ်ပေးပါ
မမကျွန်တော့်ကို ချစ်ပါ
ဒီကောင် လက်နက်ချရမယ်တဲ့။
၂။
သမဝါယမ ဆန် စားသူများ စကားဝိုင်း
လှိုင်းလုံးများ ပြင်းထန်လာ
ကက။ ခခ။ ဂဂ။ ဃဃ။ ငင
ဌ ဌ ဌ ဌ ဌ ဌ ဌ ဌ ဌ ဌ
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ဝ
လက်ဖက်ရည်ဆိုင်မှာ ဆိုကြဆဲကြ
မနက် ၉ နာရီထိုးပါပြီ။
ဝဋ်ဒုက္ခကြီးမားစွာ
သူမ လာပါပြီ။
ဝဋ်ဒုက္ခကြီးမားစွာ
ကျွန်တော်စောင့်နေပါသည်။
လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်ရှိတယ်
မကြည့်ပါလေနဲ့။
မျက်လွှာချထားပါ
ရှေ့နှစ်လံသာ ကြည့်လျှောက်ပါ
ကျွန်တော်ရှိတာကိုတော့ သိမှာပေါ့။
ဟိတ်
ပိုက်ဆံထောင်ပစ်နေတဲ့ ချာတိတ်တို့
တဆိတ်တောင်းပန်ပါတယ်
လမ်းဖယ်ပေးလိုက်ကြပါကွာ။
ကင်းတဲက သူငယ်ချင်းတို့ရေ
ငြိမ်ငြိမ်ကလေး နေကြပါကွ
မမခြေလှမ်းပျက်မှာ စိုးမိတယ်။
သူ့ဣနြေ္ဒကို ငါဂုဏ်ယူတယ်
သူ့သိက္ခာကို ငါဂုဏ်ပြုတယ်
ငါကတော့ မင်းတို့သိတဲ့အတိုင်းပါပဲ
ခပ်ပျက်ပျက် ခပ်ရမ်းရမ်းကောင်ပါပဲ။
အားနာစရာတောင်
ကောင်းနေပါပြီနော်။
၃။
ဆူးခင်းလမ်း ပထမပိုဒ်
ကြားလိုက်မိပါစ
'.. .. .. ..
.. .. .. ..
ငွေဂုဏ်ဆိုတာ ဘယ်မှမရှိနိုင်ပေ
ဘယ်သူမှ မနှစ်မြို့ကြချေ'
ညအခါ လမ်းလျှောက်ရင်း
ကျွန်တော်ညည်းမိတဲ့ သီချင်းလေ။
လူငယ်ဘဝ အပျော်ညများ
ကာလကုန်ဆုံးသွားပြီးမှ
'ပြန်လည်တမ်းတခြင်းသည်ဒုက္ခ'
ဒဿနဆရာတွေး ခေါ်ဘူးတယ်။
လူငယ်ဘဝ အပျော်ညများမှ
တစ်ည နှစ်ည ညများ
ရင်မှ ထန်ပြင်းစွာ ဆိုတဲ့သီချင်း
ဝရံတာမှ သူမ ငြင်းဆန်ဟန်ပြခဲ့ရာ
ကိုစောငြိမ်းရဲ့ သစ္စာသာ
ကျွန်တော် ဆိုခဲ့ပါတယ်။
၎။
'ဂန္တဝင်မမ' လေ
ရှေးက ကုသိုလ်ကြောင့် ထင်ရဲ့
ကျွန်တော်ရင်တွေ ခုန်တယ်။
ခိုပြာရောင် မျက်နှာမှာ
သိပ္ပံအလှကုန် ဘာမှမရှိ
သံခင်းတမန်ခင်း အပြုံးမရှိ
သူကျတော့ ကြည့်လို့ကောင်းတယ်။
မြင်ရတိုင်းပါပဲ
ပါတိတ်၊ အချိတ်၊ ဇင်းမယ်ထဘီနဲ့
အင်္ကျီအဖြူ လက်စကချည်းပဲ ဝတ်တယ်
သူကျတော့ ကြည့်လို့ကောင်းတယ်။
အုန်းဆီနဲ့ စိုနေတဲ့ဆံပင်
တင်းပိအောင် ဖြီးသင်ထားတယ်
သူကျတော့ ကြည့်လို့ကောင်းတယ်။
စစ်ကြိုခေတ် တစ်ခေတ်လုံး
မမကိုဖုံးနေတယ်
သူကျတော့ ကြည့်လို့ကောင်းတယ်။
ကျွန်တော်ဟာ ဆံပင်ရှည်တယ်
ကော်လံရှည်တယ်
အရစ်ရှည်တယ်၊ ကျွန်တော်
အကြာ ကြီး စဉ်း စား မိတယ်။
နေ့စဉ် ၂၄ နာရီရဲ့
တစ်မိနစ်များ အလုပ်
ဝတ်တာ စားတာ နေတာ ထိုင်တာအစ
ဂန္တဝင်မှုမလို
ငါ အဲသလို ဆိုခဲ့ဖူးဆိုကိုး။
၅။
သူမရဲ့ ကမ္ဘာလေးဟာ
အေးချမ်းမှု ငြိမ်သက်ရှည်လျား
သီးခြားဆန်ဆန်နေရာ
စာအုပ်၊ ခေတ်ဟောင်းသီချင်း
ရွှေဘိုသနပ်ခါး
အပြစ်မဲ့ အကျိုးမဲ့ အချင်းအရာ
လရိပ်အောက် ဝရံတာ
တစ်ခါတလေ ရုပ်ရှင်
ဘုရားစင်၊ ပြည်သူ့မုန့်တိုက်ကိတ်
လမ်းထိပ်က ဘတ်စ်မှတ်တိုင်
ကြိုးချည်ထားတဲ့ ဖိုင်တွဲ
အလုပ်စားပွဲ
ခေတ်တို့လဲ သူ့ဘာသာသူ ဖြတ်သန်းသွား၏။
တံခါးတစ်ချပ်ဟာ
ဖျတ်ခနဲ ပွင့်လာလိုက်
ဖျတ်ခနဲ ပြန်ပိတ်သွားလိုက်နဲ့
(တိုက်ဆိုင်မှု ဖြစ်ချင်လဲဖြစ်မှာပါ)
ဒါနဲ့ ကျွန်တော်လာရောက်ခဲ့တယ်
ရင်းနှီးတဲ့ ဧည့်သည်တစ်ယောက်ပေါ့
မတ်တဲ့ လှေကားရင်း
နုပျိုခြင်းမီးအိမ် ကိုင်ဆောင်ထားပါတယ်။
ခွင့်လွှတ်ပါ
ဒါမှမဟုတ် ခွင့်ပြုပါ
နေမှာ လမှာ၊ နေ့မှာ ညမှာ
ပန်းပွင့်မှာ၊ ပြက္ခဒိန်မှာ
ဘာသာစကား အသစ်တစ်ခုနဲ့
တံခါးကို ထုနေရဲ့
လူမှုရေးကိစ္စတွေ
စဉ်းစားမနေပါနဲ့
စဉ်းစားမနေပါနဲ့။
၆။
တချို့လူတွေ ထင်မြင်သလို
မထင်မြင်မယူဆဖို့တော့
ကျွန်တော် ဆွေးနွေးမှဖြစ်မယ်။
ကောင်းကင်ကြီးတစ်ခုအောက်မှာ
ဘာမှအဆင်မပြေသူတစ်ယောက်ကိုမှ
ကြောက်စရာကောင်းတယ်ဆိုတာ
တရားမဲ့လွန်းပါတယ်။
ဒီကကောင်က
လောကကို မုန်းတီး
လူကြီးမင်းများခင်ဗျား
ထမင်းစားတိုင်း လူမဖြစ်နိုင်ပါ
သာမန်ယေဘုယျလူများ
အရိုးဖြူနေပါပြီ
ကမ္ဘာကြီး ခြောက်သွေ့နေပါပြီ
ယုံကြည်သလိုတော့ ပြောဖူးတယ်။
ဒါပေမယ့် ငါ့ရင်ထဲမှာ
နိဗ္ဗာန်ဘုံထက် ပြည့်စုံတဲ့ကမ္ဘာရှိတယ်။
သင်တို့မစဉ်းစားဘူးတဲ့
ငါ့ စဉ်းစားမှုတွေရှိတယ်။
ရိုမီယိုနဲ့ဂျူးယက်
အက်စသာနဲ့ပေါလ်တို့အတွက်
စွဲချက်တင်ဖို့ ကိစ္စရှိတယ်။
တစ်ခါက မီးရထားတဲ့
ခရီးသွားစဉ်က
နာကျင်ခဲ့ရတဲ့
ပုဆိုးဂွင်းသိုင်းနဲ့ ကောင်လေးအတွက်
ဆောင်ရွက်ပေးရမှာ ရှိတယ်။
လူမှန်းသိတတ်ကတည်းက
ဖြတ်သန်းခဲ့ရတဲ့ ပြဿနာတချို့ပေါ့
ပြောလို့မဖြစ်နိုင်သေးတာတွေလဲ
ရှိပါသေးရဲ့။
ဒီလိုကြားက
မမကို ကျွန်တော်ချစ်ခဲ့မိတယ်။
သြော် ပုဂ္ဂလိက ရင်ခုန်သံ
ဝေဖန်သံကို ရင်ဆိုင်ရင်းနဲ့
အချစ်ကို ဖွဲ့နွဲ့ရအုံးမယ်။
၇။
နေရောင်အားကောင်းစွာ ကျန်ရှိနေသေးဆဲ
မိုးဖွဲဖွဲလေးနဲ့
ရုံးဆင်းချိန်လေး လှနေတယ်။
ဟိုမှာ
အလို
ဒါ မမ
မမ
ကုဋေတစ်သန်းတန် ခြေအကြွနဲ့
ဒါ မမပဲ
အို ငါ့ကို မြင်တော့မယ်
အို မြင်သွားချေပြီ
ခြေလှမ်းတစ်ချက် တန့်သွားပေမယ့်
ဟန်မပျက်ခင် ဆက်လျှောက်လာရဲ့။
ကျွန်တော် မိုးခိုနေတာပါ
ကျွန်တော် ဘတ်စ်ကားစောင့်နေတာပါ။
ဘတ်စ်မှတ်တိုင်နား တံစက်မြိတ်အောက်မှာ
ကျွန်တော် မိုးခိုနေတာပါ
မမကို နှောင့်ယှက်ဖို့ လာစောင့်တာ မဟုတ်ပါဘူး
ဘုရားစူး၊ ကျမ်းစူး ကျိန်တွယ်ပြောဝံ့ပါတယ်
ကျွန်တော် ဘတ်စ်ကား စောင့်နေတာပါ။
သတ္တိကြီးမားပေစွ
ကျွန်တော့်ရှေ့မှာမှ သူရပ်တယ်။
သူ့ကိုယ်သင်းနံ့ကလေး
နီးနီးကပ်ကပ် မွှေးထုံနေပေါ့။
သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရင်
သူ့ဆံခွေစ လှုပ်သွားမယ်။
တံစက်မြိတ်တစ်ခုအောက်မှာ
ဒီလိုနှစ်ယောက်ဆုံဖို့
ဘယ်မျှော်လင့်လို့ရမလဲ
ကိုယ့်ကိုယ်ကို ရဲစိတ်တင်တယ်။
ပြောမယ် ပြောမယ်
ငါသူ့ကို စကားပြောမယ်
ခင်သန်းနု စေ့စပ်ကြောင်း သတင်းနဲ့စ
ပြောရရင် ကောင်းမယ်ထင်တယ်။
တွေ့လား၊ ဗိုလ်ချုပ်ဈေး နာရီမိနစ်ကွက်
အားတက်ပြီး ထခုန်တယ်။
ပြောမယ် ပြောမယ်
ငါသူ့ကို စကားပြောမယ်
မိုရှီဒါယန် အတ္ထုပ္ပတ္တိနဲ့ စတင်
ပြောရရင် ကောင်းမယ်ထင်တယ်။
ဟာ၊ လမ်းဖြတ်ကူးတဲ့ ကောင်မလေး
ခနချင်း သွေးသားဆုတ်
ဘယ်လိုရုပ်ကြီး ပြောင်းသွားတာလဲ၊
ပြောမယ် ပြောမယ်
ငါသူ့ကို စကားပြောမယ်
ဟိုးမားရဲ့ အက်ပစ်ကဗျာကို ရွတ်ပြ
ပြောရရင် ကောင်းမယ်ထင်တယ်။
အား၊ ရေခဲရေ ၁ဝ ပြားသံ
ကံကောင်းပါစေလို့
မေတ္တာပို့နေပေါ့။
ဟုတ်ပြီ
ဆူးအက်တူးမြောင်းကိစ္စ
ဝါးတားဂိတ်၊ ဆိုက်ပရပ်
ခင်ဗျားဘယ်လိုထင်မှတ်ပါသလဲ
ခပ်တည်တည် မေးခွန်းထုတ်
နှုတ်ဆက်ပြီး စကားစမယ်
ဟုတ်တယ်၊ ဒါကောင်းတယ်။
ဒါနဲ့ပဲ မိနစ်နှစ်ဆယ်လောက်
လွန်မြောက်သွားပါပြီ။
ဘာမှ မပြောဖြစ်သေး
ကိုယ်သင်းနံ့လေးတော့ မွှေးနေသေးတယ်။
ကျွန်တော့်ရှေ့မှာ ကျောက်ရုပ်လူ
သူ ရပ်နေဆဲ။
ရင်မခုန်
မတုန်လှုပ်တတ်
သူ ရပ်နေဆဲ။
သြ မမ
ယောက်ျားမာနကို
တုပပြနေတာကိုး။
ကျွန်တော်ကလည်း ညံ့တယ်
မိနစ်နှစ်ဆယ်၊ နာရီဝက်
စကားမထွက်
လက်ဖျားခြေဖျားအေးလာတယ်။
အိမ်ပြန်အရောက်မှာ
ဖျားတာပါပဲ
ညတစ်ညလုံး စာထိုင်ရေးတယ်။
၈။
တကယ့်ခြင်္သေ့
လာပြီဟေ့
တစ်နေ့အောင်ပွဲကို သိရှိ
သူရဲကောင်းတို့၏ စိတ်ဓာတ်ဖြည့်
လာပြီဟေ့
အာဇာနည်တို့ထုံး နှလုံးမွေ့
လာပြီဟေ့
လာပြီဟေ့။
ယခင်၊ မိမိ၏
ရဲဘိ အစဉ်အလာများနဲ့
လာပြီဟေ့။
လက်ထဲမှာ စာ
နှုတ်ဖျားမှာ စကား
ရင်ထဲမှာ တရား
ငါ အေးအေးဆေးဆေး ပြောကြားမယ်။
ဟောဒီ သြဂတ်စ်ရဲ့
တစ်မနက်မှာ
ငါ သူနဲ့ ရင်ဆိုင်လိုက်တယ်။
ကျွန်တော်ထပ်ရှုံးပေါ့
စကားတစ်လုံးက ချေမှုန်းတယ်
ငါဟာ မင်းအမေလောက် ရှိပါတယ်တဲ့။
ဘာအဓိပ္ပာယ်ရှိသလဲ
ဘာအဓိပ္ပာယ်ရှိသလဲ။
ဘာအဓိပ္ပာယ်ရှိသလဲ။
ဟောဒီမှာ ကျွန်တော့်စာ
ဖတ်ကြည့်ပါတော့ဗျာ
နောင် ပြဿနာ အရှုပ်အရှင်းလဲ
ခင်ဗျားပဲ အဓိကပါဗျာ
ဒါပဲ ကျွန်တော် ပြောခဲ့ပါတယ်။
၉။
ခင်ဗျား တံခါးထပ်ပိတ်တာပါ
ကျွန်တော် နားလည်ပါတယ်။
နှလုံးသားဆိုတာ
အမေမွေးတုန်းက ပါလာလို့သာ
ခင်ဗျားတို့ ကိုယ်ခန္ဓာမှာ ရှိနေတာပါ
ဘာမှ အသုံးမဝင်တော့ဘူး။
သိက္ခာ
မာန
မိတ္တဗလဋီကာ
ဒေးကာနက်ဂျီ
ပီမိုးနင်း
မျဉ်းဖြောင့်ပေါ်ကလူ
ကွန်ပျူတာလို အသုံးပြုနိုင်တယ်။
ကျွန်တော်ဟာ အရူးအမူးသမား
ခံစားမှုပဲ ယုံတယ်။
ခင်ဗျားဘယ်လို ခံစားရသလဲ
ဘုရားပဲ သိမယ်။
ကျွန်တော်မှ မဟုတ်ပါဘူး
ဘယ်သူ့ကို မဆို
အချစ်မှ မဟုတ်ပါဘူး
ဘယ်အလုပ် မဆို
မမရေ၊ ရင်ခုန်သံကို ခံစားကြည့်ပါ
ဒုက္ခအရသာ ချိုမြတယ်
ဘဝကို ချစ်တတ်လာပါလိမ့်မယ်။
အလုပ်မဲ့
ဂုဏ်မဲ့
ရင်းစားမဲ့
အခွင့်အထူးမဲ့
အမဲ့အားလုံးရဲ့ အရှိ
မွန်မြတ်ဘိ နိုင်ငံတော် ရသ
ကောင်းကင်ဘုံမှ၊ အိပ်မက်မှ
ဤမြေပေါ် သို့ ကျဆင်း
အသင်းထုံဆုံး ရနံ့သစ်
အပျိုဖြစ်လာသော ပန်းပွင့်များ
ပွဲတော်များ
ခံစားတပ်မက်စေ့ချင်ပါတယ်။
သေခြင်းကို
အခန်းကျဉ်း ထောင့်တစ်ထောင့်မှ
ငြိမ်ငြိမ်လေး စောင့်စားကြ
မိခင်ဝမ်းက ကျွတ်တာကြာပြီမို့လား။
၁ဝ။
ဟိုကောင်
ဝင်လာလိမ့်မယ်
ပုဏ္ဏားကွယ်မှ
ကတ္တရာလမ်းက ထင်ရဲ့
သီချင်းသံနဲ့လေ
စာလုံးတွေထဲ လျှောက်လာတယ်။
ဘတ်သီးတံခါးပိတ်
ပြတင်းပေါက် တံခါးပိတ်
လ တံခါးပိတ်၊ နေ တံခါးပိတ်
အိပ်မပျော်သေး
ရင်ခုန် နွေးရင်
ဆေးပြားပုလင်းလေးတွေ ရှိတယ်။
မင်းကို ရင်မခုန်ဘူး
မင်းကို မတုန်လှုပ်ဘူး
စူးစူးဝါးဝါး တံခါးပိတ်
အို ငါ့အရိပ်တွေ
အစိပ်စိပ် အမွှာမွှာ
ဒဏ်ရာနဲ့ သွေးစိမ်းရှင်ရှင်
လူမြင်တိုင်း တိုင်တည်နေပေါ့။
ရုံးစာရေး စာချီ
ကမ်းနား အလုပ်သမား
သံလမ်း အလုပ်သမား
သင်္ဘောသား
ကျောင်းသား၊ စစ်သား
နေ့စား ဆေးလိပ်သမ
ဟင်းရွက်ရောင်းတဲ့ ကောင်မလေး
ပခုံးထမ်း ဈေးသည်
အို လယ်လုပ်သူ အပေါင်းတို့
အကြောင်းဆုံလို့ ပြောကြားပါတယ်
ကျွန်တော့်ကို တံခါးအားလုံးပိတ်ထားတယ်။
တစ်ဦးကိုတစ်ဦး မချစ်ရင်
ရာဇဝတ်မှု မမည်ဘူးလားဟင်။
ကိုယ့်ကိုယ်ကို လိမ်ညာရင်
ပုဒ်မ ၄၂ဝ ရှိတယ်
မငြိစွန်းဘူးလားဟင်။
ကမ္ဘာ့ထိပ်ကိုတက်
အဲဒီ အချက်အလက်တွေ
ငါ တင်ပြချင်တယ်။
၁၁။
သင်ကတစ်ခါ ပြုံးပြ၍
ဘာမှမပြောဘဲနေသောအခါ
ကျွန်ုပ်မှာ တစ်သက်တာလုံး
စောင့်စားနေရပါတော့သည်။ (တဂိုး )
အသက်တွေလဲ
ဒီလိုပဲဖြင့်
ကြီးရင့်ဖြူဖပ် သွားလိမ့်မပေါ့။
အင်အားသန်ခိုက်
ပုံအောလိုက်ကြ။
တစ်ရံတစ်ခါက
မမတိုက်မိတဲ့ ခလုတ်ကလေး
အခုဆွေးနေပေါ့။
မြစ်တစ်မြစ်မှာ
နှစ်ခါ ရေမချိုးနိုင်ဘူးဆို ထင်ပ
ခေါမအဘိဓမ္မာကို သတိရတယ်။
ကမ္ဘာဟောင်း
နေရာဟောင်း
နေထိုင်မှု အဟောင်းဟာ
ထုံးစံ ကျောင်းတွေလိုပဲ
ရေနစ်သူကို ကျောက်ခဲနဲ့ ပူးချည်တယ်။
ဒီလိုအချိန်မှာ ဟန်မဆောင်ကြရင်ဖြင့်
လောကကြီး စိမ်းလန်းလာနိုင်တယ်။
သွေးသားသန်မာမယ်
ဖျတ်လတ် လှုပ်ရှားမှုရှိမယ်
ရယ်တတ် ပြုံးတတ်အုံးမယ်ဆိုရင်
နောင်တနဲ့ ငိုယိုမှု ကင်းပြတ်
အနာဂတ် ဘုရားပွင့်ပါတော့မည်။
ပန်းချီပြခန်း
ပန်းခြံကလေးများ
ယဉ်ကျေးမှု နန်းတော်
သင်တို့အတွက် ခေါ် သံ
ကျွန်တော် စောင့်စားနေပါသည်။
နိုင်ငံရေး
အချစ်၊ ဘဝ
သူမနဲ့ ရောထွေးယှက်
နံနက်ခေါင်းလောင်းသံ ကြားရ
အိပ်ရာမှ ထပါတော့။
မွေးရာပါအဖျား
ကုစားမယ့် သမားခြေသံ
ကံကြမ္မာ မဆုံစည်းခိုက်
အဝိဇ္ဇာ မှောင်မိုက်ဆဲ
အတိုက်စားခံ ဖြတ်သန်း
စကားသံကအစ ကြမ်းတမ်းနေမယ်
ခွင့်လွှတ်ပါတော့ ချစ်တဲ့သူရယ်။
၁၂။
ဟတ်ဟတ်ပက်ပက်
အသံထွက်အောင်ကို
ရယ်မောမိတယ်။
အဇ်ၥတၱကို
ဓာတ်မှန်ရိုက်လို့မှ မရတာ
စိတ်ချမ်းသာမယ် ထင်ရင်
လုပ်ချင်တာ လုပ်ကြပေါ့။
မနက် ၉ နာရီ
မနက် ၉ နာရီ
ဤကမ္ဘာမြေ လောက
ရုံးတက်ကြ၊ ရုံးဆင်းကြ
အဲသလို လှည့်လည်တယ်။
ဂန္တဝင်မမ
သူမ လာပါပြီ။
စာတိုက်ပုံးထဲ
စာတစ်စောင် ထည့်လိုက်တယ်။
သူမဘေးမှာ
အဖော် ၁ ယောက်
၂ ယောက်၊ ၃ ယောက်
၎ ယောက် ၅ ယောက်၊ ၆ ယောက်
ခေါပဏီ တပ်ရင်း တစ်ရင်းစာ
မဟုတ်ပါ၊ တစ်ယောက်ထဲပါ။
တိုက်ပုံတွေ ဘာတွေဝတ်လို့
ပေါင်ဒါတွေ ဘာတေ လိမ်းလို့
သေသေဝပ်ဝပ် ကောင်လေးတစ်ယောက်နဲ့
အချိုဖွဲ့လို့။
ကုလားရုပ်ရှင်ထဲက
စုံတွဲရှုခင်းကလေးနှယ်
ကြည့်ရကောင်းလှပါပေတယ်။
ဤကမ္ဘာမြေ လောက
ငြိမ်းချမ်းကြပါစေ။
လူသားအားလုံး
အရှုံးဒုက္ခ၊ ကင်းပကြပါစေ။
ဟတ်ဟတ်ပက်ပက်
အသံထွက်အောင်ကို
ရယ်မောမိတယ်။
နောင်အနှစ်တစ်ရာ၊ နှစ်တစ်ထောင်
ဒီကောင်ရဲ့ အချစ်
ပျိုမြစ်နေမှာပဲ
မုချယုံတယ်။
အလုံခြုံဆုံး တံခါးတစ်ချပ်
ဘယ်နှစ်ရာသီ ဖြတ်သန်းနိုင်သလဲ
ကမ္ဘာထဲတုန်ခါနေတော့တယ်။ ။
အောင်ချိမ့်
Monday, October 10, 2016
ဂန္တဝင်မမ (ကဗျာရှည်)
မလင်းပြာသို့ . . . (ကဗျာရှည်)
မလင်းပြာသို့ … (ကဗျာရှည်)
==================
မောင်သာနိုး
မလင်းပြာ …
ငါ ဗီယက်နမ်ကိုသွားရမယ်။
အဲဒီမှာ ...
ရွှံ့ရည်ညစ်ညစ်
သလုံးသားနစ်တဲ့ လယ်တရိုးမှာ
ပျိုးနှုတ်နေသူလုံမရဲ့
ကျောက ရိုင်ဖယ်ကိုယူ
ကျူးလာသူ လေယာဉ်မှန်သမျှ
ငါ စောင့်ပစ်ပေးရမယ်။
မလင်းပြာ ...
ငါ ရိုဒီးရှားကိုသွားရမယ်။
အဲဒီမှာ ...
လူဖြူ လက်ဆုပ်စာက
ငါတကော မင်းလုပ်
ပြည်သူကို ချယ်လှယ်သွေးစုပ်ပြီး
ကျွန်လုပ်ညှဉ်းဆဲနေကြရာ
ရရာလက်နက်ကို ကိုင်စွဲ
ပြည်သူတွေ
တော်လှန်စစ်ကိုဆင်နွှဲနေကြရာ
အသားမဲတွေဖက်က
ငါ ၀င်ကူတိုက်ပေးမယ်။
မလင်းပြာ ...
မိုဇမ်ဗစ် အန်ဂိုးလာ
ဇန်ဘာဗွေ ကွန်ဂိုး
အာဖရိက တရိုးမယ်
နိုးကြား လက်နက်စွဲ
တိုက်ပွဲဝင်နေသူ လူမဲတွေရဲ့
ခြိမ့်ခြိမ့်သဲ စစ်ဗုံးသံ
ဘ၀ဂ်သို့ ညံနေရာ
ငါ စစ်ချီတေးတွေ သွားဆိုမယ်။ မလင်းပြာ ...
ငါ လက်တင်အမေရိကကို သွားရမယ်။
အဲဒီမှာ
ဗင်နီဇွေးလား ကင်ယွန်
ရေတံခွန် ရှိုအကြား
ပြောက်ကျားစခန်းတခုကနေ
လှုပ်ရှားမှုရေးရာများနဲ့ပတ်သက်လို့
ရဲဘော် ‘ချေ’ ဂွေဗားရားရဲ့
ညွှန်ကြားချက်တစောင်ကို
တောင်တွေဖြတ်သန်း
မြိုင်တန်းတွေရှိုးဝင်
လွင်ပြင်မှာ ၀ပ်တွား
ပြေးလွှားပို့ပေးမယ့်
တော်လှန်ရေးဆက်သားတွေ
လိုနေသတဲ့ကွယ်။
မလင်းပြာ ...
ငါနယူးယောက်ကိုသွားရမယ်။
အဲဒီမှာ
‘ဗီယက်နမ် စစ်ညစ် ရပ်စဲပစ်’
တို့လူငယ်တွေမသေချင်ဘူး
ရင့်ကျူး ဟစ်ဆို
‘အင်ပါယာ’
အဆောက်အဦးကြီးပြိုမတတ်
ဖြိုမရ ခွဲမရ
ဆန္ဒပြတပ်ကြီးတွေ
ဒီရေလှိုင်းအိ
တတိတိ ချီတက်နေရာ
ငါ ပိုစတာတခုဆွဲပြီး လိုက်အုံးမယ်။
မောင်သိင်္ဂါ
‘လူထုသတင်းစာ’
၁၉၆၃ ခုနှစ်
စက္ကူမြင်း တောင်တွင်းရထား (ကဗျာရှည်)
စက္ကူမြင်းတောင်တွင်းရထား (ကဗျာရှည်)
========================
အို တောင်တွင်းရထား
အို ကြေးနီရထား
အို မြို့သစ်ရထား
ပျဉ်မနားမှ နဂါးတစ်ကောင်
ပူလောင်အငွေ့ ဝေ့ပတ်မှုတ်ထုတ်
တဂျုတ်ဂျုတ်နဲ့ အသော့ ခုတ်မောင်း
မညောင်းမညာ ကဗျာဆရာ အတွေး
စကြဝဠာ ပတ်ပြေးသလို
တာဝေး အပြေးချန်ပီယံ
"ဗင်ဂျွန်ဆန်"နှလုံးခုန်သံလို
မှန်မှန်စည်းချက်
ဂျောက်ဂျက်သံပေးရင်းနဲ့
လယ်ဝေးဘူတာရုံ
မြူလွှာတွေ ခြုံသလို ဖြစ်နေတဲ့
ဖုန်ထူထူတွေ ကြားထဲမှာ ရပ်လိုက်တယ်
ပျဉ်းကတိုးတုံး ကျွန်းတုံး
အင်ကြင်းတုံး သစ်ရာတုံး
သစ်မာတုံး ပိတောက်တုံး
မျောက်ချောတုံး တမလန်းတုံး
ဘာတုံး ညာတုံးမှန်း မသိတဲ့
သစ်လုံးတွေကြားမှာ ဖားသူငယ်လို
ဘူတာအိုကလေး ပင့်ကူမြှေးယှက်
အိပ်စက်နေရာက လန့်နိုးလာပြီး
ဂျမဒါတစ်ယောက် ငေါက်ခနဲ အသာထ
လာသမျှခရီးသည်
လက်မှတ်ဝယ်ကြ
လက်မှတ်ဝယ်ကြ
နောက်ကျမှ လက်မှတ်မပါ
ရှက်စရာလူတွေ မဖြစ်ကြစေနဲ့လို့
တဖွဖွ အောင်ရင်း အချင်းချင်းကို ပြောင်ပြက်
ဂျွတ်တက်နေတဲ့ သံချောင်းကို
တဂျောင်းဂျောင်းခေါက်လိုက်တယ်။
ရထားပလက်ဖောင်း
ဘယ်ပြောင်းထားသလဲမသိ
ယိုင်တိယိုင်နဲ့ ငိုမဲ့မဲ့ ရထားကြီးက
လဲရာက ထလာတဲ့ပုံ
တုန်တုန်ချည့်ချည့် နွမ်းရိမောဟိုက်
အိပ်ငိုက်ရာက ထပြီး
ခရီဒဆက်တော့မယ် အလုပ်
ကသီကရီ အထုပ်အပိုး မနိုင့်တနိုင်
တပီ့တပီ ထဘီချုပ်ရိုး မခိုင့်တခိုင်နဲ့
မိန်းမတစ်ယောက်
ရထားပေါက်မှာ တိုးလို့တွဲလောင်း
တောင်းတွေ ပလုံးတွေကို
အတင်း ထိုးတင်ရင်း
ဟဲ့ သေခြင်းဆိုး
အရင် တစ်ခေါက်တုံးကလဲ
ဒူးတွေပြဲ ခေါင်းတွေကွဲလို့
ရင်ဆို့လောက်ရှိတဲ့ ရထားတွဲပေါ်ကို
မနည်းတက်ခဲ့ရတယ်
ခုတစ်ခေါက်လဲဆိုပြီး
အဆဲကောင်းချီးသြဘာပေးနေတယ်။
ဖုတ်တထောင်းထောင်းနဲ့
လှည်းကြမ်းမောင်းသလို ခုန်နေတဲ့
တောင်တွင်းရထားဟာ
ရိုးပြတ်လယ်ကွင်းတွေ
နေကြာခင်းတွေ
သစ်တောစိုက်ကွင်းတွေ
ကြံခင်းတွေ
အင်ကြင်းတောတွေဖြတ်ပြီး
ရိုးမအစပ်ကို ဝင်ခဲ့တယ်။
တိမ်ကလဲ ပြာ တောင်ကလဲ ပြာလို့
ရေကလဲ ပြာ မြေလဲ ပြာလို့
တောကလဲ ပြာ မြူလဲ ပြာလို့
ကဗျာဆရာ "ဘလော့"ရဲ့
"ဝင်းပသော လေ"ဆိုတာကို
ငါမမြင်ခဲ့ဘူးပေမယ့်
အလယ်ရိုးမတောင်ခြေက
အပြာရောင်လေကိုတော့
ငါမြင်ဖူးပြီဟေ့။
ပုလွေးချောင်းတံတားကိုအဖြတ်
မတ်တပ်ရပ်လျက်က
ငုံ့ကြည့်လိုက်တော့
အနားကော့လန်နေတဲ့
ကျွန်းရွက်ခြောက်တစ်ရွက်
ယက်ကန် ယက်ကန်နဲ့
ချောင်းရေစီးသန်သန်မှာ
မျောပါသွားလေရဲ့။
အို ကျွန်းရွက်
အသင် ဘယ်ဘက်ကို သွားနေသလဲ
ဘယ်ကွေ့ကို ဘယ်တက်နဲ့ လှော်မလဲ
ဘယ်မှော်ကို ဘယ်လိုရှောင်မလဲ
ဘယ်သောင်ကို ဘယ်လိုရှဲမလဲ
ဘယ်ဝဲကို ဘယ်လိုဖြတ်မလဲ
ချောင်းဖျားအစ
မလိခက ဆင်းလာတဲ့ သင်ဟာ
ပင်ပန်းချင် ပင်ပန်း
ထွက်လာတဲ့ ခရီးကြမ်းကိုတော့
လမ်းဆုံးအောင်သွားရလိမ့်မယ်။
တောင်တွင်းရထားပေါ်မှာလဲ
သဲသဲလှုပ်နေတဲ့ ကျွန်းရွက်ခြောက်တွေ
ကျွန်းရွက်ခြောက်တွေ
ထန်းခေါက်ဖာကို ပိုက်သူပိုက်
သံသေတ္တာကို နှိုက်သူက နှိုက်
တချို့ ငိုက်သူကငိုက် အိပ်သူကအိပ်
ပုတီးစိတ်သူက စကားမပြော
စကားပြောသူက သောသောညံ
သူတို့စကားသံတွေထဲမှာ
ဆန်ဈေး အကြောင်း
ကြံဈေး အကြောင်း
သားဈေး အကြောင်း
ငါးဈေး အကြောင်း
မျှစ်ဈေး အကြောင်း
ပဲဈေး အကြောင်း
ကျွဲဈေး အကြောင်း
ထန်းလျက်ဈေး အကြောင်း
ဝက်ဈေး အကြောင်း
အရက်ဈေး အကြောင်း
သမက်ဈေး အကြောင်း
ဝါးဈေး အကြောင်း
ဆားဈေး အကြောင်း
နွားဈေး အကြောင်း
ဘုရားဈေး အကြောင်း
ဆီဈေး အကြောင်း
ထဘီဈေး အကြောင်း
နေ့ပြန်ပေး အကြောင်း
ပဲဖော်ပေး အကြောင်း
အမတော်ကြေး အကြောင်း
ဂိတ်ကြေး အကြောင်း
ဝင်ကြေး အကြောင်း
လစဉ်ကြေး အကြောင်း
ဘာကြေး အကြောင်း
ညာကြေး အကြောင်း
အကြောင်းပေါင်းစုံ
ဈေးပေါင်းဆုံ ကြေးပေါင်းစုံ
အင်း
တောင်တွင်းကို သွားတဲ့မြင်းဟာ
သံမဏိမြင်းတော့ သံမဏိမြင်းပါပဲ
ဒါပေမယ့် ပြတင်းက ရွဲ့
တံခါးကပဲ့ပြီး သံချေးတက်လက်ကိုင်
ထိုင်ခုံက ကျိုး
အမိုးက ဆန်ကာပေါက် ဗရပွ
အကာက ဆေးရောင်ပျက်
မျက်နှာကြက်နဲ့ အမိုးကြားမှာ
တူပုန်းတမ်း ကစားကြလို့
တချို့ပဲ့ တချို့ဟောင်းလောင်း
စိတ္တဇ ပန်းချီကားကောင်းတစ်ခုကို
ကြည့်ရသလိုပါပဲ။
သံမဏိမြင်း တောင်တွင်းရထားဟာ
တံတားတွေဖြတ် ဘူတာစဉ်ရပ်
ရိုးစပ်ကိုဝင် လွင်ပြင်ကို ဆင်းလာခဲ့တယ်။
တောင်တွင်းရောက်တော့
တဒေါက်ဒေါက် ပြေးလာတဲ့
သံမဏိမြင်းကြီးဟာ
အသက်ကို မျှဉ်းမျှဉ်းသာ ရှူတော့တဲ့
စက္ကူမြင်းကြီး ဖြစ်သွားရှာတယ်။
စက္ကူမြင်းကြီးပေါ်က ကျွန်းရွက်တွေ
ဘဝအထွေထွေ အနေအမျိုးမျိုး
ရိုးမတစ်ကြောက သစ်ခုတ်သမားလဲပါရဲ့
ယာသမားနဲ့ ကြံတောင်သူ
ဆန်မှောင်ခိုသူလဲရှိ
အလှူရေစက်ချ ပစ္စည်းဝယ်သူ
တစ်နယ်က မိဘကို ကန်တော့ပြန်လာသူ
ရန်ကုန်ကိုသွားပြီး ပင်စင်လျှောက်သူ
ကျောက်ကုန်ကူးသူ
အမူးသမားက လျက်ဆားသည်ဆီမှာ
နမူနာတောင်းလို့။
ဖြူပြာပြာ အသားပေါ်မှာ
ပါးကွက်ကျားထူထူ
မျက်နှာထားစူစူနဲ့ တောသူမလေး
အဝေးက တောရိပ် တောင်ရိပ်တွေကို
ကြည့်လိုက်
ငေးလိုက်
တွေးလိုက်။
သူဘာတွေကို တွေးနေတယ် ထင်သလဲ
ဆရာတင်ရဲ့ ရွှေပြည်စိုးကို ညည်းရင်း
ရွှံ့တွေ ကပ်စေးကပ်စေး ပုတီးလုပ်ကာ
အုန်းမှုတ်ခွက်ကို ဆင်ကာ
ဒေါ်လာပြားကို
ဆယ့်ငါးပြားလောက်ဆွဲချင်တာလို့
အသံဝါကလေးနဲ့
ညည်းမယ် ထင်သလား။
မဟုတ်ဘူး။
ခိုင်ထူးရဲ့ သီချင်းတစ်ပုဒ်ကို
ပြန်ဆိုထားတဲ့
မနေ့ညက ပြဖာတ်မင်းသားရဲ့
စကားချိုပလီနဲ့ ပျားချိုရည်ကို
လွမ်းနေတာ။
အကြမ်းအနု နှစ်ခုလုံးပိုင်တဲ့
ဒိုင်ဗင်တွေ အိုင်တင်တွေ
ဖိုက်တင်တွေကို လွမ်းနေတာ။
သူ့ဘေးမှာ လူမမာတစ်ယောက်
ဘာဘူစောင်စုတ်ကို ခြုံပြီး
သံပတ်ကုန်သွားတဲ့ စက်ရုပ်တစ်ရုပ်လို
မလှုပ်မယှက် ငြိမ်သက် တိတ်ဆိတ်
လှဲအိပ်လာရင်း တဟင်းဟင်းညည်း
သီချင်းကြီးတစ်ပုဒ်ကို မဆိုတတ်ဆိုတတ်
ဖန်သားပြင်ပေါ်မှာ "ကလို့ဇပ်"ရရင်ရ
မရလဲ မတ်တပ်ရပ်ပြရရင်
လူဖြစ်ရကျိုး နပ်ပြီဆိုတဲ့
အဆိုတော်ရူးရဲ့ ညည်းသံမျိုးလို။
သြော် ဟုတ်လား
ကင်ဆာတဲ့လား ရင်နာသတဲ့လား
ပျဉ်းမနားဆေးရုံမှာ
ဆေးစုံအောင်စား မေးတုန်အောင်ဖျား
သွေးကုန်အောင်စု
အရေးကုန် ကုခဲ့ပြီလား
သူ့ရောဂါက မသေ အနှေးနဲ့ အမြန်
ရက်ပိုင်းသာ ကျန်တော့လမို့
အိမ်ကို ပြန်ခေါ်ပြီး
ကျွေးချင်ရာ ကျွေးတော့လို့
ဆရာဝန်က ထင်မြင်ချက်ပေးလိုက်သတဲ့။
ဒီလိုနဲ့
စက္ကူမြင်း တောင်တွင်းရထားပေါ်မှာ
မျှော်လင့်ချက်မဲ့ရာကိုသွားနေတဲ့သူ
မျှော်လင့်ချက်ရှိရာကို သွားနေတဲ့သူ
မရဏဆီကို သွားနေတဲ့သူ
ဘဝဆီကို သွားနေတဲ့သူ
ဒီအထဲ
ဘဝဆီကိုလည်း မသွား
မရဏဆီကိုလည်း မသွား
မျှော်လင့်ချက်ရှိရာကိုလည်းမသွား
မျှော်လင့်ချက်မဲ့ရာကိုလည်း မသွား
ဥပေက္ခာဝါဒီ မိန်းမငယ်တစ်ယောက်
မို့မောက်တဲ့ ရင်ခွင်မှာ
အခါလည်ရွယ် ကလေးငယ်ကိုပိုက်
လက်မောင်းညိုသွယ်သွယ်နဲ့ ပွေ့ချီ
အိမ်သာနံရံကို မှီပြီး
မတ်တပ်ရပ် လိုက်လာတယ်။
မြို့တော် ရန်ကုန်က ဆေးရုံမှာ
ဂုန်နီအိတ် ပတ်ထားတဲ့ သူ့ယောက်ျားရဲ့
နံပတ်ပြား ထိုးထားတဲ့ အလောင်းကို
ပိုင်ရှင်မဲ့ အသုဘအဖြစ်
အမျှသာ ယူရစ်ကြပေတော့လို့
ထားပစ်ခဲ့ပြီး
ဝေးလံတဲ့ ခရီးကြမ်းကြီးကို ထွက်လာခဲ့တယ်။
မနေ့ညနေ ခြောက်နာရီမှာ
ရန်ကုန်ဘူတာကြီးက ထွက်ကတည်းက
သဲသဲ လှုပ်လှုပ် လူအုပ်တွေကြားထဲ
တိုးဝှေ့တက်လာခဲ့ပြီး
ရထားကြီးပေါ်ရောက်တော့
ဟိုလျှောက် သည်လျှောက်
ခေါက်တုံး ခေါက်ပြန်
အမြန်ရထားပေါ်မှာ
ထိုင်စရာ ထိုင်ခုံလိုက်ရှာတော့
သူ့လက်မှတ်မှာ ထိုင်ခုံနံပါတ်မရှိ
တွဲနံပါတ်မရှိ ဘာမျှမရှိ
နတ္ထိ။
ပြည့်ကျပ်နေတဲ့ လူသွားလမ်းမှာ
လမ်းလျှောက်စရာ မရှိ
ဟိုက ဖိ သည်က ဖိ
ဟိုက ဆဲ သည်က ဆဲ
ထိုင်လို့လဲမရ ထလို့လည်းမရ
ခြေချစရာက မရှိနဲ့
တအိအိတိုးလာတော့
နောက်ဆုံးမှာ အိမ်သာဘေး
ခြေချစရာ တစ်နေရာရလို့
အထုပ်ကို ချ
ကလေးငယ်ကို ခါးထစ်ခွ ချီတစ်လှည့်
ပွေ့ပိုက်ချီ တစ်လှည့်
ဟိုလှည့် သည်လှည့်
ဟိုစောင်းသည်စောင်း
တဂျောင်းဂျောင်း ခုတ်နေတဲ့
ရထားကြီးပေါ်မှာ
မိုးချုပ်က မိုးလင်း
မိုးလင်းက မွန်းတည့်
မွန်းတည့်က မွန်းတိမ်း
မွန်းတိမ်းက မွန်းယိမ်း
မွန်းယိမ်းက နေစောင်းသည်အထိ
မညောင်းမညာ
မတ်တပ်ရပ် လိုက်လာပြီး
ဒုက္ခရစရိယာအကျင့်ကို ကျင့်လာတဲ့
ဥပေက္ခာဝါဒီ။
ကဗျာဆရာ ငါဟာ
ဘာမဟုတ်တဲ့ ကိစ္စလေးကို
တစ်ဆိတ် တစ်အိတ်လုပ်ရင်း
ငုတ်တုပ်ထိုင် ညည်းနေတယ်
ငါညည်းပေမယ့် ရထားကြီးကတော့
သွားမြဲသွားနေမှာပါပဲ။
ဒါပေမယ့် တောင်တွင်းရထားဟာ
သွားရင်းနဲ့ သံမဏိမြင်း မဟုတ်တော့ဘဲ
စက္ကူမြင်း ဖြစ်သွားရှာပြီ။
စက္ကူမြင်းကြီး ဂျုံးဂျုံးကျလို့
သံတိုသံစ ဖြစ်သွားတော့မှ
အဲဒီသံတိုသံစတွေကို အရည်ကျိုပြီး
ပိုမိုအားကောင်းတဲ့
သံမဏိမြင်းတစ်ကောင်
ထူထောင်ရမှာပေါ့။
အို တောင်တွင်းရထား
အို ကြေးနီရထား
အဲဒီအခါမှာ
သင့် အသွင်ထူးခြား
သဏ္ဍာန်ထူးခြား
နတ်မြင်းပျံလို မြူးကြွားသည့် ဟန်
သင့် ခွာသံသည်
မိုးယံ ပဲ့တင်ထပ်စေသတည်း။
မောင်သစ်တည်( မြသန်းတင့် )
ပိတောက်ပွင့်သစ်၊ စာပေအနုပညာမဂ္ဂဇင်း၊အမှတ် (၂၂)၊ ဇန်နဝါရီလ၊ ၂၀၀၉ ။