Thursday, September 29, 2016

ကဗျာဆရာဝင်းမြင့်နှင့် အင်တာဗျူး

ဆရာဝင်းမြင့်နှင့်အင်တာဗျူး
==================
(မေးသူ - ကိုကျော်ဇောခိုင်)

မေး။ မင်္ဂလာပါ ကိုဝင်းမြင့်။ ကဗျာဆရာဘ၀အစောပိုင်းဖြတ်သန်းမှုနဲ့ စလိုက်ကြရအောင်၊ ကဗျာပေါ် စိတ်ညွှတ်မှုတွေ၊ ကဗျာဆရာ ဘ၀ရွေးချယ်ဖြစ်တာတွေ ဘယ်အချိန်လောက်က စတာပါလဲ။ အဲဒီအချိန် မြန်မာကဗျာနောက်ခံကားနဲ့ တကွ ပေါ့။ ပြောပါဦး။ မဂ္ဂဇင်းစာမျက်နှာပေါ် မရောက်ခင် ဘလက်စာအုပ်တွေ ထုတ်တာကအစပေါ့။ ရေတံခွန်စီးရီးထုတ်တော့ ခင်ဗျားပါတယ်လို့ သတိထားမိတယ်။

ဖြေ။  ကျွန်တော် ကဗျာစရေးတော့ လေးလုံးစပ်ကာရန်စနစ်နဲ့ပါ။ ဘလက်စာအုပ်အနေနဲ့ `မေတ္တဉ္ဇလီ´ဆိုတဲ့ ဂက်စနာနဲ့ လှမ့်ပြီးရေးရတဲ့ စာအုပ်ပေါ့။ နောက်တော့ ကျွန်တော့်အစ်ကိုလိုဖြစ်နေတဲ့ ကိုကြည်လေး ဆီကို ကိုရွှေမင်းသိမ်း ရောက်လာ တော့ ကာရန်မဲ့ သူ့ကဗျာစာအုပ်လေး ပေးသွားတယ်။ နောက်တော့ ဆရာမင်းလူရဲ့ ကဗျာတစ်ပုဒ်ကြောင့် အဲဒီတုန်းက ကာရန်မဲ့ကဗျာလို့ခေါ်တဲ့ ကဗျာတွေဆီ စိတ်ညွှတ်သွားမိတယ်။ နောက်တော့ မောင်ချောနွယ်ရဲ့ ကဗျာတွေက ကျွန်တော့် လူငယ်ဘ၀ဆီကို ထုံကူးပေးသလို (သူစကားနဲ့ဆိုရင် ရင်ကို ရင်ချင်း ဂျက်ပင်ထိုးပြီး ၀တ်မှုန်ကူးခဲ့တာပေါ့) ကဗျာမျိုးစေ့ကို ရခဲ့တယ်။
ပုသိမ်မှာ နေစဉ်က စလို့ ပြောရမယ်ဆိုရင် ပထမကျွန်တော့်ကလောင်နာမည်က `ဘဝေးခေါင်´ပါ။ အဲဒီအမည်နဲ့ `ပုသိမ်´ ကဗျာ နဲ့ `လက်တစ်ဖက်ပြတ်အင်္ကျီ´လို ကဗျာတွေ ဟိုတလောက စိုးမိုးထွန်း facebook မှာ တင်ခဲ့ပြီး။ သူ သံစဉ်သွင်း၊ သူ သီချင်းလုပ်ခဲ့တဲ့ `မင်းရဲ့ မျက်ရည်ခံမှဲ့ကလေးကို မြေသြဇာကျွေးပစ်မယ်´ဆိုတဲ့ ကဗျာမျိုးတွေ ကျွန်တော် စိတ်အား ထက် သန်စွာ ရေးခဲ့တာပါ။ နောက်တော့ ၁၉၉၂ လောက်မှာ ရန်ကုန်ကို ရောက်လာတယ်။ တောင်ဒဂုံမှာနေတော့ ကိုခက်ထန် ပိုင်စိုးနဲ့အတူ အဲဒီမှာ ကိုမိုဃ်းဇော်တို့အိမ်မှာ လူစုမိတယ် ဆိုပါစို့။ ဆရာ မောင်ချောနွယ်၊ ဆရာ မောင်သင်းခိုင်၊ ဆရာ မြေချစ်သူ တို့နဲ့ ရင်းနှီးခဲ့ကြတယ်။

မေး။ ကိုဝင်းမြင့် ပထမဆုံးပါခဲ့တဲ့ကဗျာက ရုပ်ရှင်တေးကဗျာက `မြက်ခင်းပေါ်မှာ´ နော်။ ခေတ်ပေါ်ကဗျာ တစ်ခေတ် ရုပ်ရှင်တေးကဗျာကလည်း ကဗျာကောင်းတွေ တော်တော်များများ ဖော်ပြနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ပြီးတော့ သရဖူ၊ ဟန်သစ်၊ ရနံ့သစ် အစရှိသည်ဖြင့် ပေါ့ဗျာ။ ကဗျာတွေနဲ့ ပတ်သက်လို့  မဂ္ဂဇင်းတွေ၊ အယ်ဒီတာတွေ၊ စီစဉ်သူတွေရဲ့ အခန်းက ဘယ်လောက်ထိ သက်ရောက်မှုရှိသလဲ။ အရေးပါသလဲ။ ကိုယ်ပိုင်အတွေ့အကြုံလေးတွေ ရှိရင်လည်းပြောပါဦး

ဖြေ။  ရုပ်ရှင်တေးကဗျာမှာ ကဗျာစပါခဲ့တာပါ။ စိုးမိုးထွန်းတို့ရွာ မြင်းကဆိပ်မှာ မတော်တဆရခဲ့တာပေါ့။ `မြက်ခင်း ပေါ်မှာ´ ကို တေးကဗျာမှာ အယ်ဒီတာလုပ်နေတဲ့ ဆရာမောင်သင်းခိုင်ကို ပြကြည့်တော့ သူက တစ်လလောက်အကြာမှာ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှာ ဖော်ပြပေးခဲ့တယ်။ ပါလာတော့လည်း ရှေ့ဆုံးမာတိကာမှာ ပါလာတော့ အံ့သြ၀မ်းသာ ရတာ ပေါ့။
တောင်ဒဂုံကနေ အလုံသစ်တောဝန်းကို ရောက်လာတော့ ကျွန်တော်တို့ ပိုလူစုမိသွားတယ်။ အဲဒီတုန်းက ကျွန်တော့်သူငယ်ချင်းတစ်စုကို `အလုံအုပ်စု´လို့တောင် စာပေအသိုင်းအ၀ိုင်းက ခေါ်ကြတယ်။ `ရေတံခွန်´တစ်အုပ် လုပ် ဖြစ်ကြတော့ `ကိုရွေး´က ဦးစီးဦးဆောင်ပေါ့။ `အောင်မြင်သော´၊ `ဆန်းသစ်သော´၊ `စုစည်းသော´၊ `ကြည်လင်သော´ ရေတံခွန်က ကျွန်တော်တို့ရဲ့ အထူးလျှို့ဝှက်သင်္ကေတ တစ်ခုပေါ့။ အဲဒီထဲက တစ်အုပ်ကို ၀င်းဇော်လွင်နဲ့ ကျွန်တော်က တစ်အုပ်တာဝန်ယူခဲ့တယ်။ ခင်ဗျားပြောသလို စီစဉ်သူအဖြစ်နဲ့ပေါ့
အယ်ဒီတာတွေရဲ့ အခန်းကဏ္ဍက သူ့ရဲ့ ကဗျာအပေါ်သဘောထားက ပိုအရေးကြီးတယ်လို့ ထင်တယ်။ မဂ္ဂဇင်းမှာ ဘယ်လိုကဗျာအမျိုးအစားတွေ သုံးမလဲဆိုတာ အယ်ဒီတာအပေါ်မူတည်တော့ သူ့မူ ၊ သူ့ဘောင်ထဲမှာ ကဗျာဟာ အမြော် အမြင်ကြီးရင် ကြီးသလောက် ကျယ်ပြန့်နိုင်တယ်လို့ ထင်ပါတယ်။

မေး။ ၀င်းမြင့်ဆိုတာ ခေတ်ပေါ်ကဗျာမှာ ထင်ရှားခဲ့တာပါပဲ။ ကျွန်တော်လည်း ကြိုက်ခဲ့တယ်။ `ပဲ့တင်´ ကစလို့ `နိုင်ငံတော် မျှော်ခြင်း´ အထိပေါ့။ ကဗျာမှာ ခံစားမှုက အခရာလား။ အာရုံဝင်စားမှုက ဘယ်လောက်အရေးပါသလဲ။ ကဗျာရေးဖွဲ့ပုံ အပြောင်းအလဲဟာ ကဗျာဆရာအပေါ် ဘယ်လိုရိုက်ခတ်မှု ရှိပါသလဲ။ မိမိအတွေ့အကြုံ၊ မိမိနဲ့ နီးစပ်တဲ့ ဆွေးနွေးခဲ့ဖူးတဲ့ ကဗျာဆရာတွေအပေါ်ကော သက်ရောက်မှုဘယ်လို ရှိတာ တွေ့ရပါသလဲ။

ဖြေ။ ခေတ်ပေါ်ကဗျာတွေ ရေးစဉ်တုန်း လူငယ်ဘ၀ကတော့ အများဆုံးအားဖြင့် အကြောင်းတိုက်ဆိုင်လာလို့ ရလာတဲ့ စာသားကတဆင့် ဖြန့်ကျက်ရေးခဲ့တာပါ။ ဒီနေရာမှာ ခင်ဗျားမေးသလိုဆိုရင် ရလာတဲ့အကြောင်းအရာစာသားအပေါ် ခံစားမှု သက်ဝင်ပြီးမှ ဖြန့်ကြက်တွေးမှုက အာရုံဝင်စားမှုလို့ဆိုရမှာပဲ။ ဒါပေမဲ့လည်း တခါတလေ အာရုံဝင်စားမှုက ရတဲ့ စာသားတွေ က ပထမရတဲ့ စာသားတွေကိုတောင် ချေဖျက်နိုင်တဲ့အခါ ကျွန်တော်တို့ဘယ်လိုပြောရမလဲ။ ခံစားမှုနဲ့ အာရုံဝင်စားမှုမှာ ဘယ်ဟာကအရေးပါသလဲဆိုရင်တော့  ကဗျာရေးသူနဲ့ ကဗျာအပေါ်မှာပဲ မူတည်တယ်လို့ ထင်ပါတယ်။  ကျွန်တော်ငယ်ဘ၀ ကတည်းက တစ်နေရာတည်းမှာ အမြဲမနေတတ်သလိုပဲ။ ကဗျာအပေါ်မှာလည်း မျက်ခြေမပြတ်ဆက်သွားနေချင်သူပါ။ Language Poetry ကို လေ့လာစဉ်တုန်းကလည်း (ကိုလှသန်း)ကို ဖွင့်ပြောမိခဲ့ပါတယ်။ `အစ်ကို ကျွန်တော်ဆက်ပြီး လေ့လာဦးမယ်´ လို့။ ဒီသဘောထားကျွန်တော့်မှာ ရှိသလို ကျွန်တော့်ကဗျာမှာလည်း ရှိပါတယ်။ ပုံစံတစ်ခုတည်းအပေါ်မှာ အခြေချမနေနိုင်တာ ကျွန်တော့်ကဗျာနဲ့ ဘ၀အပေါ်မှာ အမြဲတမ်းရိုက်ခတ်နေပါလိမ့်မယ်။

မေး။ ကိုဝင်းမြင့် စာအုပ် ၄ အုပ်ထွက်တယ်နော်။ အတွဲ ၂ အုပ်နဲ့ တစ်ဦးတည်းတစ်အုပ်၊ စုပေါင်းတစ်အုပ် စာအုပ်နာမည်နဲ့ ခုနှစ်တွေကို စာဖတ်သူတွေနဲ့ မိတ်ဆက်ပေးပါဦး။ အဲဒါတွေထဲမှ ဘယ်စာအုပ်ကို အကြိုက်တွေ့သလဲ။ ဘယ်ကဗျာတွေကို ထူးထူးခြားခြား အားရသလဲ။

ဖြေ။ ကဗျာစာအုပ်တွေက အတွဲနဲ့ စုပေါင်းစာအုပ်တွေ များပါတယ်။ တစ်ဦးတည်းအဖြစ်က `အလွန်လှပသော ကော် ပတ်ရုပ်´။ အတွဲတွေကတော့ `ပထမဆုံးလိပ်စာ (တကောင်းစာပေ)၊ လူစီရဲ့ အမှုန်အမွှားကင်းစင်သော (ကိုမိုဃ်းဇော်)နဲ့ Unity စာပေ၊ ဝေမှူးသွင်နဲ့ နှစ်ယောက်တွဲတစ်အုပ်(လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ)၊စုပေါင်းကဗျာစာအုပ်တွေထဲမှာ ဘယ် စာအုပ် ကြိုက်လဲဆိုတာကတော့ကျွန်တော် ပြောမပြတတ်ပါဘူး။ ကဗျာတွေအပေါ်မှာလည်း ဒီသဘောထား ကျွန်တော့်မှာ ရှိပါတယ်။
ကျွန်တော့်ရဲ့ ရေးလက်က ခေတ်ပေါ်ကဗျာကို အခြေခံပြီး စာသားတိုးချဲ့ဖြစ်ထွန်းမှုနဲ့ အခြားကဗျာဗေဒများအပေါ် ကျူးကျော်အခြေချမှု၊ တစ်ခါတလေမှာ ကဗျာရေးသူဟာ စွန့်ဦးတီထွင်သူတွေလို နယ်မြေသစ်ရှာဖွေသူတွေလို စိတ်မျိုး သွင်းရမှာပဲ။ ပုံစံသေတစ်ခုမှာ ကျက်စားလိုက်ရင် ကိုယ့်ရှေ့ကရှိပြီးသား ကဗျာရေးသူရဲ့ ဥခွံထဲကနေ ရုန်းမထွက်နိုင်ဘဲ ကဗျာက ကောင်းရင် ကောင်းသွားမယ်။ ကဗျာဆရာဘ၀ကတော့ သူတစ်ပါးအရိပ်အဖြစ် နေထိုင်ရလိမ့်မယ်လို့ ထင်တယ်။ ဒီတော့ ကဗျာဖြစ်ချင်ရင် အခြားကဗျာဥခွံကို ဖောက်ထွက်ပြီး မိမိကဗျာနဲ့ ကဗျာဆရာဖြစ်မှု အကောင်ပေါက်ကလေးကို တစ်စတစ်စ မွေးမြူရမှာပဲ။

မေး။ ကိုဝင်းမြင့်ရဲ့ ပထမကဗျာ ၃ အုပ်က ခေတ်ပေါ်ကဗျာတွေပေါ့။ အလွန်လှပသော ကော်ပတ်ရုပ်မှာပါတဲ့ ကဗျာတွေက ခေတ်ပြိုင်တွေချည်း လို့ ပြောလို့ရသလား။ ရောနေတာတွေလား။ လောလောဆယ်လည်း စာအုပ်တစ်အုပ်စီစဉ်နေတယ် ကြားတယ်။ ဘယ်လို ရေးဖွဲ့ပုံတွေလဲ။

ဖြေ။ အလွန်လှပသော ကော်ပတ်ရုပ်မှာ ခေတ်ပြိုင်ဆီကို ဦးတည်ချင်ပေမယ့် ကဗျာလိုအပ်မှုအရ အခြားပုံစံကဗျာတွေလည်း ပါပါတယ်။ ဒါဟာ ကျွန်တော့်အတွက်တော့ ရိုးရှင်းလှပါတယ်။ ဘာကြောင့်လည်း ဆို ရှေ့က ရှင်းပြထားသလိုပါပဲ။ ကျွန်တော့်ကဗျာနဲ့ ၀ါကျတွေ စာသားတွေက အငြိမ်မနေချင်ကြလို့ပါ။ တစ်စုံတရာဆိပ်ကမ်းတစ်ခုမှာ အပြီးကျောက်ချပြီး ရပ်နားဖို့ စိတ်ကူးမရှိတဲ့ ကဗျာတွေပေါ့။ မည်သူမည်ဝါ ဖြစ်သည်ဆိုတဲ့ ဆိပ်ကမ်းမှာ အမှတ်လက္ခဏာစာသားနဲ့ ရေးပုံကို ကြည့်ရုံနဲ့ သိသာစေတဲ့ အခြေချမှုမျိုးကို ကျွန်တော်အလိုမရှိပါဘူး။ အခုထိလည်း ဘယ်မှ မပို့ပေမယ့် လေးလုံးစပ်လို၊ နဘေထပ်တဲ့ လေးချိုး၊ ဒွေးချိုးတွေလို ဟိုက္ကူလို ကဗျာမျိုးတွေ စိတ်ကူးနဲ့ဖြစ်စေ လက်တွေ့ဖြစ်စေ ရေးကြည့်နေတုန်းပါပဲ။
လောလောဆယ် ကိုမိုးဝေးရဲ့ နှစ်ကာလများကနေ `ဒဏ္ဍာရီထဲ ဈေးဝယ်ထွက်ခြင်း´၊ ဒါလည်း စာရေးစဉ်ကနေ ၂၀၁၄ နောက်ဆုံးရက်များအထိ ရေးခဲ့တဲ့ ကဗျာတွေကို တစ်စုတစည်းတည်း ပြန်လည်ထုတ်ဝေတာပါ။ ခေတ်ပေါ်ကဗျာချစ်သူတွေအတွက်လည်း အဆင်ပြေမှုဖြစ်စေပြီး ခေတ်ပြိုင်သမားတွေအတွက်လည်း အဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်။

မေး။ စရေးတော့ ခေတ်ပေါ်ကဗျာမှာ နာမည်ရ အရှိန်လေးလည်း ရလာတော့ ခေတ်ပြိုင်ဘက် ကူးသွားတယ်။ ခုတစ်ခါ နောက်ပိုင်းပြန်ရောက်တော့ ခေတ်ပေါ်ဘက်ပြန်လည်လာသလိုပဲ။ ဒါမှမဟုတ် ၂ မျိုးပေါင်းစပ်ထားတဲ့ပုံစံဆန်ဆန်တွေလို့ ပြောရမလားပဲ။ ခင်ဗျားအတွက်ပေါ့ဗျာ။ ကဗျာရေးပုံပြောင်းသွားတာဟာ ရေးဖွဲ့နေဆဲ ကဗျာပုံစံကို ငြီးငွေ့သွားလို့လား။ အခြားဘာအကြောင်းတွေကော ရှိပါသေးလဲ။

ဖြေ။  ဒါတော့ စောစောက ရှင်းပြသလိုပါပဲ။ ခေတ်ပေါ်မှာအခြေခံတဲ့စာသားတွေကို အမြဲတမ်းအသစ်ပြန်လည်ပြုလုပ်ဖို့(ဥပမာ-အရပ်စကားတွေကို တိုက်ရိုက်သုံးစွဲတာထက် အသစ်ပြန်လည်ပြုပြင်ပြီး ကဗျာမှာ အသုံးပြုမှသာ ကဗျာစာသားဖြစ်တယ်ဆိုတာမျိုး မိမိကိုယ်ပိုင်အယူအဆ) ကျွန်တော့်စိတ်က စေ့ဆော်နေကြရပါတယ်။ ဘယ်ကဗျာပုံစံကိုမှ မငြီးငွေ့ပေမယ့် ခေတ်ပေါ်ကာလမှာ ကျွန်တော့်တွေ့ရင်  ပဲ့တင်နဲ့ပဲ ပဲ့တင်နေတော့ ဒါကို ငြီးငွေ့ဟန် ဖြစ်သွားရတာပါ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ခေတ်ပြိုင်ပုံစံများဆီကို ဦးတည်နေတဲ့ ကဗျာချဉ်းကပ်မှုဆီကိုသာ အလိုရှိပါတယ်။ ကဗျာနဲ့ပတ်သက်တဲ့ နားလည်ပုံ၊ ခံယူပုံတွေက အမြဲတမ်းပြောင်းလဲသင့်တဲ့အရာလို့ ကျွန်တော်ထင်တယ်။ ဘာကြောင့်လဲဆိုတာ ပုံစံသေတစ်မျိုးတည်း မနေချင်လို့ပါ။ ဒီဆိပ်ကမ်းရောက်ရင် ဒါဘယ်သူ့ဆိပ်ကမ်းဆိုတာထက် အဲဒီဆိပ်ကမ်းတွေကို ခဏတဖြုတ်အလည်လာတဲ့ သင်္ဘောတစ်စီးအဖြစ်နေချင်လို့ပါ။

မေး။ အကြိုက်ဆုံးကဗျာဆရာကို ပြောပါဦး။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်လည်း ပေးစေချင်တယ်။ အကြိုက်ဆုံးကဗျာတစ်ပုဒ် အဲဒီက ဆရာမဟုတ်တဲ့ အခြားကဗျာဆရာတစ်ယောက်ဆီက ရွေးပေးပါဆို ဘယ်ကဗျာကို ရွေးချယ်လဲ။ ဘာလို့လဲ။

ဖြေ။ အကြိုက်ဆုံးကဗျာဆရာကို ရွေးပေးပါဆိုရင် အရွေးရခက်ပါတယ်။ မိုးဝေး၊ မောင်ဒေး၊ အောင်ပြည့်စုံ၊ ကိုရွေး၊ ဇေယျာလင်း ပေါ့ဗျာ။ ဒါပေမယ့် မိုးဝေးကဗျာများကို ပိုခင်မင်မိပါတယ်။ ကဗျာတော့ ရွေးမပေးပါရစေနဲ့။

မေး။ ကိုဝင်းမြင့် ကဗျာဆုတွေ ၂ ဆု ၃ ဆု ရဖူးတယ် ကျွန်တော်မှတ်မိနေတယ်။ ဘယ်အဖွဲ့အစည်းတွေက ဘယ်ကဗျာတွေကို ပေးတာလဲ။ ဆုရတဲ့ ခံစားချက်ပေါ့ဗျာ။ ပြီးတော့ ကိုယ့်အကြိုက်နဲ့ သူ့ရွေးချယ်မှုဟပ်မိသလား။ ဆုက ကိုယ့်အပေါ်ရိုက်ခတ်မှုကော ရှိပါသလား။
ဖြေ။ ကဗျာဆုတွေက မိတ်ဆွေများ စာပေဆု(ပဲ့တင်)၊ မန္တလေးရွှေပင့်ကူ က ပေးတဲ့(လူဝင်စားတွေ ထိုင်တဲ့ ကဖေး)နဲ့ အခု ပျဉ်းမနားအလယ်ရိုးမ စာပေဆု(ကိုရွေးနဲ့ ပူးတွဲရတာ) နိုင်ငံတော် မျှော်ခြင်း တို့ပါ။ ဆုရတာတော့ ဘယ်သူမဆို ပျော် တာပေါ့ဗျာ။ ဆုတွေက စာရေးသူအပေါ် အတော်ရိုက်ခတ်ပါတယ်။ ပထမမိတ်ဆွေများ စာပေဆုရတဲ့ လူငယ်ဘ၀တုန်းက ကိုယ့်ကိုယ်ကိုယ် တည်တည်ငြိမ်ငြိမ်ဖြစ်အောင် မနည်းကဗျာတွေ ပြန်ရေးရတယ်။ အခုတော့ ဒါတွေကို ကျော်ဖြတ်နိုင်ပါပြီ။

မေး။ အခုခေတ် လူငယ်တွေ အတော့်ကို ကဗျာရေးလာကြတာ တွေ့ရတယ်။ အွန်လိုင်းကလည်း မီဒီယာတစ်ခုအနေနဲ့ အတော်တွင်ကျယ်လာပုံပဲ။ မြန်မာကဗျာ ရှေ့အလားအလာကိုရော ဘယ်လိုမြင်လဲ။

ဖြေ။ အခုခေတ် ကဗျာရေးသူတွေများလာတာ မဆန်းပါဘူး။ အမေရိကားမြို့တစ်မြို့မှာ ပခုံးချင်းဝင်တိုက်မိရင် ကဗျာ ဆရာပဲလို့ ဖတ်ဖူးပါတယ်။ ကဗျာဟာ ယဉ်ကျေးမှုကိစ္စဖြစ်နေတဲ့အတွက် တတ်နိုင်တဲ့ ဘက်က ပါဝင်နေကြတယ်လို့ မြင်ပါ တယ်။ အကြောင်းအရာသစ်တွေ၊ ပုံစံသစ်တွေနဲ့ ရေးနိုင်ကြပါတယ်။ အွန်လိုင်းပေါ်မှာ ကျွန်တော့်ကဗျာတွေ တင်ထား ကြပေမယ့် ကျွန်တော်ကိုယ်တိုင် မတင်ဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် ကျွန်တော်က ရှေးရိုးစွဲဆန်တယ် ပြောမလား။ Paper Face ကိုပဲ အသုံးပြုချင်ပါတယ်။ ဒါပေမဲ့ ဒီနေ့အထိပေါ့။ တစ်ချိန်ချိန် ဒါကိုလည်း ဒီဆိပ်ကမ်းကနေ ခွာတဲ့ သင်္ဘောအဖြစ် ရပ်တည် နိုင်ဖို့ ကြိုးစားဦးမှာပါ။
ကဗျာရဲ့ ရှေ့အလားအလာဟာ ကောင်းမွန်သေသပ်တဲ့ အနာဂတ်မျိုးကို အလိုရှိပါတယ်။ ကဗျာနဲ့ ကဗျာဆရာတွေ၊ ကဗျာနဲ့ ကဗျာဖတ်သူတွေ အတူတကွဖြစ်နေဖို့တော့ လိုအပ်တာပေါ့။ သိပ်ကင်းကွာသွားရင် ကဗျာဟာ အထီးကျန်သွားမှာ ပါ။ မလိုလားပါဘူး။ နှင်းဆီဖြူအယ်ဒီတာအဖွဲ့ကို ကျေးဇူးတင်ပါတယ်။ ထို့နောက် ကဗျာဆရာများနဲ့ကဗျာဖတ်သူများကိုပေါ့။

နှင်းဆီဖြူမဂ္ဂဇင်း
ဖေဖော်ဝါရီ၊ ၂၀၁၅


No comments:

Post a Comment